ကိုထင်ကျော်ကို တရားရုံးနှစ်ခုမှာ ရုံးထုတ်


2014.05.19
kohtinkyaw-305.jpg ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်ကို တွေ့ရစဉ်
photo: Kyaw Htoon Naing

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ဒီမိုကရေစီ အရေးစဉ်ဆက် မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) နဲ့ တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွေမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ တရားရုံးတွေမှာ မြို့နယ်စခန်းမှူးတွေက ကိုထင်ကျော်ရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတော် သိက္ခာကို ထိပါးစေပြီး  ပြည်သူတွေကို ထိတ်လန့်စေ တာကြောင့် ပုဒ်မ ၅ဝ၅(ခ) နဲ့ အမှုဖွင့်တာဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှူးက ထွက်ဆိုခဲ့တယ်လို့ ကိုထင်ကျော် ရဲ့အမှုရုံးချိန်းကို သွားရောက်နားထောင်ခဲ့တဲ့ MDCF အဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုကျော်လွင်က ပြောပါတယ်။

"ဒဂုံဆိပ်ကမ်းရဲ့ တောင်ဒဂုံမြို့နယ်ကို ရုံးထုတ်ပါတယ်၊အနောက်ပိုင်းက ရဲမှူးနဲ့ စခန်းမှူးနဲ့က သူ့ကိုအမှှုစွဲတယ်ပေါ့ဗျာ၊ဒဂုံဆိပ်ကမ်းကတော့ မြို့နယ်မှူးတစ်ယောက်တည်း အမှှုဖွင့်ဖို့အတွက်ကို တရားရုံးကိုလျောက်လဲတာပေါ့ဗျာ၊ ကိုထင်ကျော်ရဲ့ စာဖြန့်ဝေတယ်ဆိုတာ ပြည်သူတွေကို ထိန့်လန့်စေတယ်၊နိုင်ငံတော်ရဲ့ သိက္ခာကိုထိပါးတယ်၊အစိုးရသိက္ခာကို ထိပါးတယ်ပေါ့ဗျာ၊အဲ့ဒါတွေ အတွက်ကြောင့် ၅ဝ၅(ခ)နဲ့ဖွင့်တယ်ဆိုပြီးတော့ တောင်ပိုင်းက မြို့နယ်မှူးရယ်၊စခန်းမှူးရယ်ကလည်း ထွက်တယ်၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ကလည်း ထွက်တယ်"

ပြည်ထောင်စု အစိုးရနှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုတင်မောင်ဝင်းနဲ့ ကိုဇော်ဝင်းတို့ကိုလည်း ပုဒ်မ ၅ဝ၅(ခ) နဲ့ တာမွေနဲ့ ဗဟန်းမြို့နယ် ရဲစခန်းတွေက အမှုဖွင့်ထားပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကိုထင်ကျော်ကို တောင်ဥက္ကလာပ၊ ကျောက်တံတား၊ တောင်ဒဂုံ၊ မြောက်ဒဂုံ ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ မြို့နယ် ၁၁ မြို့နယ် ရဲစခန်းတွေကလည်း ပုဒ်မ ၅ဝ၅(ခ) နဲ့ အမှုဖွင့်ထားပြီး မနက်ဖြန်မှာ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ကိုထင်ကျော်ကို ပုဒ်မ ၅ဝ၅(ခ) နဲ့ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။