ကိုးကန့်ဒုက္ခသည်တွေကို ကာကွယ်ဖို့ ရှမ်းအဖွဲ့တောင်းဆို
2015.05.14
မြန်မာ-တရုတ်နယ်စပ်က ကိုးကန့်ဒုက္ခသည်တွေကို အစိုးရအာဏာပိုင်တွေက နေရပ်ပြန်ခိုင်းတာ တွေရှိသလို၊ ရွာသားတချို့ကို စစ်တပ်က သတ်ဖြတ်တာတွေရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့က မေလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ချိမင်ချွန်ရွာ၊ လောင်တောင်ဂိုရွာနဲ့ စွန်သျှန်ရွာက ရွာသား ၂ ယောက်အသတ်ခံပြီး၊ ၂ ယောက်က မြန်မာစစ်တပ်က လက်နက်ကြီးကျလို့ သေဆုံးသွားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က စိုင်းခွန်မိုင်က RFA ကိုပြောပြပါတယ်။
"ဒုက္ခသည်ထဲမှာ အသတ်ခံရတာ မျက်မြင်သက်သေလို့ အတိအကျပြောနိုင်တာကတော့ လူအိုတစ်ယောက် အိမ်ထဲမှာ မီးရှို့အသတ်ခံရတယ်၊ နောက်တစ်ယောက်လည်း ဒီလိုမျိုးပါပဲ၊ အသက်ကြီး လူအိုတစ်ယောက် သူ့အိမ်ထဲမှာ စစ်တပ်က သတ်ဖြတ်ထားတာ ဆိုတော့ ၂ ယောက်ရှိပါတယ်၊ နောက် လောင်တောင်ဂိုရွာမှာ ဆိုရင်လည်း စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့်မို့ လူအိုတစ်ယောက် အိမ်ထဲမှာပိတ်လှောင်သေ ခဲ့ရတယ်၊ ဒုက္ခသည် ၄ ယောက်အိမ်ပြန်တဲ့အထဲမှာ မြန်မာစစ်တပ်ကနေပြီးတော့ သေနတ်နဲ့ပစ်တာ လူ ၃ ဦး ပျောက်ဆုံးနေသေးတယ်ခင်ဗျ"
ဒါကြောင့် စစ်ပြေးဒုက္ခသည်တွေကို အတင်းအကြပ် နေရပ်ပြန်ခိုင်းတာတွေရပ်ဖို့နဲ့ သူတို့ကို အကာအကွယ်ပေး ဖို့ မြန်မာအစိုးရကို ဝိုင်းဝန်းဖိအားပေးကြပါလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က နိုင်ငံတကာအဖွဲ့တွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့တွေကို တောင်းဆိုထားပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာအစိုးရတပ်တွေရဲ့ တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ဒေသခံ တိုင်းရင်းသားတွေ ဟာ ဖေဖေါ်ဝါရီလကစပြီး မိုင်ထီးဟေ ဒုက္ခသည်စခန်းအပါအဝင် နေရာ ၇ ခု လောက်မှာ နေရတယ်လို့ဆိုပါတယ်။
ကိုးကန့်ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က စိုင်းခွန်မိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။









