ဖွဲ့စည်းပုံပြင်ဖို့ မင်းကိုနိုင် ပြောကြား
2014.02.13
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မိမိတို့လိုလားတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတစ်ခု ကို ဖော်ဆောင်မပေးနိုင်တဲ့အတွက် လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲပေးဖို့ ဒါမှမဟုတ် အသစ်ပြန် လည်ရေးဆွဲဖို့ လိုအပ်ကြောင်း ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖေါ်ဆောင်ရေး ကော်မတီက ဒီနေ့ ကြေညာလိုက်ပါတယ်။
ဒီနေ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ကျင်းပတဲ့ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က ပြောကြားခဲ့တာပါ။
“အဲဒီဆုံးဖြတ်ချက် ၃ ရပ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်းပါပါတယ်၊ အဲဒီတုန်းက ဆုံးဖြတ်ချက်ထဲမှာ အသစ်ရေးဆွဲမလား၊ ပြန်ပြင် မလား အဲဒီနှစ်ခုမှာ တစ်ခုခုလုပ်ကြဖို့ အချက် တစ်ချက်အနေနဲ့ ထည့်ပြီးတော့ ဆုံဖြတ်ထားပါတယ်၊ ဒီကနေ့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဖွဲ့စည်း ပုံအခြေခံ ပြန်ပြီးတော့ပြင်ရေးဆိုတာ ပါလာပါပြီ၊ နိုင်ငံတဝှမ်းမှာလည်း ကျယ်ကျယ်လောင်လောင် ကြားပြီးတော့ လှုပ်ရှားမှုတွေလည်း စနေကြပါပြီ၊ အဲဒီပြင်ဆင်ရေးအတွက်ကို ဘယ်ပုံဘယ်နည်းသွား ကြမလဲ ဆိုတဲ့အခါမှာ တဆက်တည်းပေါ့လေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပါ ဆိုရင် တမျိုးသားလုံးပြန်ပြီးတော့ စုပြုမယ့် ပြည်ထောင်စုမူကြမ်း တစ်ခုတော့လိုပြီလို့ သုံးသပ်မိ ပါတယ်”
အဲဒီလို ဦးတည်ချက် ရောက်ရှိဖို့အတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသား အင်အားစု အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကျင်းပဖို့ လိုအပ်ကြောင်းလည်း သဘောထားကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ၂၅ နှစ်ပြည့် ရှစ်လေးလုံး ငွေရတု အခမ်းအနားကနေ ဒီနေ့ သဘောထား ကြေညာချက်မှာပါရှိတဲ့ လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်ပေးခဲ့တာလို့ သိရပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်ဖို့အတွက် အဖွဲ့ဝင် ၃၅ ဦးပါ ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။