ဦးကိုနီ နဲ့ ဦးနေဝင်း ကွယ်လွန် တဲ့ နှစ်ပတ်လည် အခမ်းအနား ကျင်းပ

2018-01-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဦးကိုနီနဲ့ ဦးနေဝင်း တစ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း Kafe In Town မှာ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ်
ဦးကိုနီနဲ့ ဦးနေဝင်း တစ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း Kafe In Town မှာ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: Aung Thain Kha/ RFA

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ နဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး လွတ်မြောက်နေတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အောင်ဝင်းခိုင် ကို စုံစမ်း ဖော်ထုတ်ရှာဖွေမှု အားနည်းနေတယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေအသင်း ဒုတိယဥက္ကဋ္ဌ ဦးနေလ က ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း Kafe In Town မှာ ကျင်းပခဲ့တဲ့ ဦးကိုနီ နဲ့ ဦးနေဝင်းတို့ တစ်နှစ်ပြည့် ဆွမ်းကျွေးတရားတော် ရေစက်ချ အခမ်းအနားမှာ ရှေ့နေ ဦးနေလ က ပြောခဲ့တာ ဖြစ်ပါတယ်။

"တရားခံမပေါ်သေးတာ မဟုတ်ဘူး၊ ပေါ်ပြီးသားတရားခံဟာ မြန်မာနိုင်ငံထဲမှာရှိပါတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထွက်ဆိုချက်တွေအရလည်းပေါ်တယ်၊ ပေါ်ကတည်းက မြန်မာနိုင်ငံထဲမှာရှိတဲ့ဟာကို ဘာဖြစ်လို့ ဖမ်းမမိရတာလဲ၊ ဒို့ပြည်က ရဲတပ်ဖွဲ့ဝင်တွေ၊ စုံထောက်က်က အဖွဲ့အစည်းတွေ အဲဒီ လူတွေကရော အရည်အချင်းမဲ့နေလို့လား၊ အရည်အချင်းမမဲ့ဘူး၊ မမဲ့ဘဲနဲ့ ဒီအရည်အချင်းရှိတဲ့ လူတွေအားလုံးဟာ ဒီဟာကိုကြိုးစားပမ်းစား အာရုံစိုက်ပြီးတော့ မမိမိအောင်ဖမ်းမယ်ဆိုရင် ဒီတစ်နှစ်အတွင်းမှာ မိကိုမိရာမှာပဲ၊ ဆရာ့ဘက်ကပြောမယ်ဆိုလို့ရှိရင်တော့ အာရုံစိုက် ရှာဖွေမှု လျော့နည်းတယ်လို့ပဲ ပြောရမှာပဲဖြစ်ပါတယ်"

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ကြည်လင်း ဆိုသူက သေနတ်နဲ့ ပစ်သတ် လုပ်ကြံခဲ့သလို လုပ်ကြံသူကို လိုက်လံဖမ်းဆီးရင်း အငှားယာဉ်မောင်း ဦးနေ၀င်း သေဆုံးခဲ့တာဖြစ်ပါတယ်။

ရှေ့နေ ဦးကိုနီနဲ့ အငှား ယာဉ်မောင်း ဦးနေဝင်း တို့ကို ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အသတ်ခံလိုက်ရတာဟာ နိုင်ငံတကာ မြင်ကွင်းမှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ ဦးရောဘတ်စန်းအောင် က အခမ်းအနားမှာ ပြောခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်သူ ကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုး နဲ့ အောင်ဝင်းထွန်းတို့ကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးနေပြီး တရားခံပြေးဖြစ်တဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူး ကြီးး အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေးအတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့ INTERPOL ကလည်း အရေးပေါ် ကြေညာချက် အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့