ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့အတွက် အမှတ်တရ အခမ်းအနားတွေ ကျင်းပ

2014-03-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၁၉၈၈ ခုနှစ် မတ်လအရေးအခင်းမှာ ကျဆုံးသွားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ရဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်ဘောင်မှာ တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းပြီး မတ်လ ၁၃ ရက်နေ့ကကျင်းပစဉ်
၁၉၈၈ ခုနှစ် မတ်လအရေးအခင်းမှာ ကျဆုံးသွားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ရဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အင်းယားကန်ဘောင်မှာ တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းပြီး မတ်လ ၁၃ ရက်နေ့ကကျင်းပစဉ်
photo: Kyaw Zaw Win/RFA

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှု တက္ကသိုလ် အရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ရည်စူးပြီး ဒီနေ့မနက်က ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက်က ဗျူးကုန်းစာသင်တိုက်မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။

ဒီပွဲကျင်းပရတာဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က အဖြစ်အပျက်တွေကို အမှန်အတိုင်း ဖေါ် ထုတ်ရေးသားကြဖို့ ရည်ရွယ်ပြီး အဲဒီနေ့ရက်က ပါဝင်ခဲ့တဲ့ကျောင်းသားတွေ ပြန်ဆုံဆည်းတဲ့ ပွဲ လည်းဖြစ်တယ်လို့ ဒီနေ့အခမ်းအနားဖြစ်မြောက်အောင် ဝိုင်းဝန်းစီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုကျော်ဝဏ္ဏ က ပြောပါတယ်။

"မတ် ၁၃ အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ သမိုင်းအမှန်ကိုပေါ်အောင်လို့ အချက်အလက် စုဆောင်းနေတယ်၊ ပါဝင်ခဲ့တဲ့လူတွေအားလုံးကို ဖိတ်ခေါ်ပြီးတော့၊ ဘာ့ကြောင့်လဲဆိုတော့ အခုမီဒီယာတွေမှာ ရေးသားတာတွေက လွဲချော်မှုတွေ ဖြစ်လာတယ်ပေါ့၊ ကြာလာရင် ဒီသမိုင်းကြီး ပျောက်ပျက်သွားမှာစိုးတယ်၊ နောက် မျိုးဆက်သစ်တွေကိုလည်း နောက်နောင်ဒီပွဲတွေကို သူတို့ဦးဆောင်ပြီးလုပ်နိုင်အောင် ကျနော်တို့ ပံ့ပိုးပေးချင်တယ်၊ သူတို့နဲ့ချိတ်ဆက်ပြီးတော့ ပါဝင်ဆောင်ရွက်ဖို့လည်း ရည်ရွယ်ချက်ပါတယ်"

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ဟာ ရန်ကုန်စက်မှုတက္ကသိုလ်က ပဉ္ဇမနှစ်ကျောင်းသားတွေဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ညက  လုံထိန်းတွေပစ်လိုက်တဲ့ သေနတ်ကျည်ဆံထိမှန်ပြီး ကိုဖုန်းမော်က အဲဒီညမှာပဲ သေဆုံးခဲ့သလို ကိုစိုးနိုင်ကတော့ ဆေးကုသမှုခံယူရင်း ၂ ပတ်အကြာမှာ သေဆုံးခဲ့တာလို့ ပြောပါတယ်။

အဲဒီ မတ်လ ၁၃ ရက်နေ့ညက ကိုဖုန်းမော်တိုနဲ့အတူ ဒဏ်ရာရခဲ့တဲ့ အာအိုင်တီကျောင်းသားဟောင်း ကိုမြဝင်းလည်း ဒီနေ့ပွဲမှာ တက်ရောက်စကားပြောခဲ့ပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ တက္ကသိုလ်ကျောင်းသားလူငယ်တွေ စုပေါင်းပြီး အင်းယားကန်ဘောင်မှာ ကိုဖုန်းမော်တို့ကျဆုံးခြင်း အောက်မေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ပါတယ်။

အလားတူ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ရဲ့ ၂၆ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တောရ ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

အရေးအခင်းကာလအတွင်း ကျဆုံးသွားခဲ့တဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်အပါအဝင် ရဟန်းရှင်လူ ကျောင်းသားပြည် သူတွေအတွက်ရည်စူးပြီး သံဃာတော် ၁၀ ပါးကို နေ့ဆွမ်းကပ်လှူကာ ရေစက်ချကောင်းမှုကုသိုလ် ပြုလုပ် ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ကိုဖုန်းမော်နေ့ အမှတ်တရစကားဝိုင်းကို တဆက်တည်း ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစကားဝိုင်းမှာ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တာ (၂၆) နှစ်ပြည့်ခဲ့ပေမယ့် သူတို့မျှော်မှန်းခဲ့တဲ့ပန်းတိုင် မရောက်သေးတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားဖို့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ကိုသံဒုတ်က ပြောပါတယ်။

ဒီနေ့ကာလအထိ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ မရသေးတဲ့အတွက် ဆက်လက်ကြိုးစားကြရဦး မှာဖြစ်ကြောင်း အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း နော်အုန်းလှက ပြောပါတယ်။

ဒီအခမ်းအနားကို ၁၉၈၈ ခုနှစ် မတ်လအရေးအခင်းမှာပါဝင်ခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်း သားဟောင်းတွေနဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ကို ရည်စူးပြီး ဒီနေ့ ရန်ကုန်မြို့မှာ အခမ်းအနားတွေ ကျင်းပခဲ့တဲ့အကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့