တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး NLD ခေါင်းဆောင်များနှင့် တွေ့မည်

တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီးဟာ ဩဂုတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ဖို့ ရှိကြောင်း ၃ ရက်ကြာ လာရောက် လည်ပတ်မဲ့ သူ့ခရီးစဉ်အတွင်း ဩဂုတ်လ ၂၀ ရက် လာမဲ့အပတ် သောကြာနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိကြောင်း တောင်ကိုရီးယားသံရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က RFA ကို ပြောဆိုပါတယ်။
2010-08-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

နေပြည်တော်ကအပြန် ဩဂုတ်လ၂၁ ရက် စနေနေ့မှာတော့ NLD ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို မေးမြန်းကြည့်ရာမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ သဘောထားတွေကို ရှင်းပြပါတယ်။

“တောင်ကိုရီးယားက ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး လာမယ်၊ ၂၁ ရက်နေ့ကျရင် ကျွန်တော်တို့ဆီက ကျွန်တော်တို့ အဖွဲ့က လူကြီးတွေနဲ့ တွေ့မယ်။ အဲဒီတော့ ကျွန်တော်တို့ တယောက်စ နှစ်ယောက်စလောက်ပဲ တွေ့မှာပါ။ တောင်ကိုရီးယားက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာကော၊ ကျွန်တော်တို့ NLD အပေါ်မှာကော အရင်တုန်းက အများကြီး ထောက်ခံခဲ့တဲ့ သဘောတွေ ရှိပါတယ်။ စာနာ ထောက်ထားတဲ့ သဘောတွေတော့ ရှိပါတယ်။”

မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြန်မာစစ်အစိုးရက ကြိုးပမ်းနေတယ်ဆိုပြီး အစွပ်စွဲခံနေရချိန်မှာ ၊ အခုလဆန်းပိုင်းကပဲ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်အွီချွန်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ အဲဒီ ခရီးစဉ်အပြီးမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အဆင့်မြင့် အစိုးရ ခေါင်းဆောင်တဦး အခုလို လာရောက် လည်ပတ်တာပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး ကဏ္ဍမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး အထူးသဖြင့် ရခိုင်ကမ်းလွန် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ကွက်မှာ အများဆုံး လုပ်ကိုင်နေကြောင်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့