ကူမင်း နိုင်ငံတကာကုန်စည်ပြပွဲ မြန်မာပြခန်းများ နည်းပါး

2015-06-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပနေတဲ့ ၂၃ ကြိမ်မြောက် နိုင်ငံတကာ ကုန်စည်ပြပွဲမှာ အရင်နှစ်တွေက ထက် မြန်မာနိုင်ငံက ပါဝင်ပြသတဲ့ ဆိုင်ခန်းအရေအတွက် နည်းပါးသွားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံ ၁ဝ နိုင်ငံ ပါဝင်တဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ပါဝင်ပြသနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့  ကိုယ်တိုင်ဆိုင်ခန်းဖွင့် ရောင်းချနေတဲ့ မြန်မာကျောက်ကုန်သည်တစ်ယောက် က ပြောပြပါတယ်။

"မြန်မာပြည်က သရက်သီးပါတယ်၊ ဆန်စပါးပါတယ်၊ မစ်ကို ကော်ဖီပါတယ်၊ ပရိဘောဂတွေပါတယ် ကျောက် ဆိုင်တွေပါတယ်၊ ကျောက်ဆိုင်တွေ အခါတိုင်းနှစ်ထက် နည်းတယ်၊ အားလုံးပေါင်းမှ ဆိုင်ခန်းပေါင်း ၃ဝ ကျော်လောက်ပဲပါတယ်၊ နေရာကလည်းအသစ် ဆိုင်ခန်းခကလည်း အခု ၈ဝဝဝ ဖြစ်သွားတယ်  အရင်တုန်းက ဆိုင်ခန်းပြင်ဆင်ခနဲ့မှ ဒေါ်လာ ၅ဝဝ လောက်ကျတယ်၊ အခုက ဆိုင်တစ်ခန်း တရုတ်ငွေ ယွမ် ၈ဝဝဝ ကျတယ် အဲ့ဒါကြောင့် တချို့က မလိုက်ကြတော့ဘူး၊ အရင်က ၇ဝ၊ ၈ဝ လောက်လာတယ် အခုက လာတာနည်းတယ်၊ တရုတ်ပြည်က ကျောက်ဆိုင်တွေများတယ်"

နောက်ထပ် ကုန်သည်တစ်ယောက်ကလည်း ဆိုင်ခန်းခတွေအပြင် ခရီးစရိတ်၊ တည်းခိုခန်းခ တွေလည်း အကုန် အကျများလာသလို ကျောက်စိမ်းအရောင်းအဝယ်တွေလည်း အရင်လို မကောင်းတော့တာကြောင့် မြန်မာပြည်က ကုန်သည်တွေ မလာကြတာများတယ်လို့ ပြောပါတယ်။

အဲ့ဒီကုန်စည်ပြပွဲမှာ တခြားနိုင်ငံတွေအနေနဲ့ စားသောက်ကုန်၊ လူသုံးပစ္စည်းအမျိုးမျို၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ သစ်နဲ့လုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေ၊ လုပ်ငန်းသုံး စက်ကရိယာတွေနဲ့ ကား၊ ရဟတ်ယာဉ်တွေအထိ ပါဝင်ပြသထားကြတယ်လို့ သိရပါတယ်။

ဒီပြပွဲကို ဇွန်လ ၁၂ နေ့ကနေ ၁၆ ရက်နေ့အထိ ပြသကျင်းပမှာ ဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့