ကျိုက်ထီးရိုးတောင်မှ အခန်းပိုကိစ္စ ကုမ္ပဏီပိုင်ရှင် အသနားခံစာ တင်မည်


2016.06.28
nainghtettheinnaing-620.jpeg ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင် ကို တွေ့ရစဉ်
Photo: Naing Htet Thein Naing Facebook

ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရရဲ့ ခွင့်ပြုချက်ထက် အခန်းပေါင်း ၁၀၀ ကျော် ဆောက်ထားတဲ့ ရိုးရိုးလေးကုမ္ပဏီ ပိုင်ရှင်က အဲဒီအခန်းတွေကို ဆက်လက်ထားရှိခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာ တင်ပြသွားမယ်လို့ ပြောပါတယ်။

ဖျက်သိမ်းလိုက်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်တဲ့အတွက် အသနားခံစာတင်မှာဖြစ်တယ်လို့ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်က RFA က ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

"ကျနော်ကြားတာကတော့ ယာယီပိတ်သိမ်းဖို့လည်း ပြောသံကြားတယ်၊ ဒီလုပ်ငန်းစနစ်ကိုလည်း ဖျက်သိမ်း ဖို့ပြောသံကြားတယ်၊ ကျနော်ထင်တာကတော့ ဖျက်ခိုင်းမယ်လို့ မထင်ဘူး၊ လူကြီးတွေလည်း ဦးနှောက်ရှိ တယ်၊ ဖျက်သိမ်းလိုက်ရင် ဆိုးကျိုးတွေဒဏ်ကိုလည်း သူတို့တွေသိမှာပါ၊ ဒီတစ်လအတွင်း ဘယ်လိုဖျက်လို့ ရမှာလဲ၊   ဖြစ်ပြီးသားကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကိုပဲ လူကြီးတွေကို အသနားခံစာတင်ပြီး အသနားခံကြည့်မယ်၊ မရတော့လည်း သူတို့စည်းမျဉ်း၊ စည်းကမ်းတွေကို ကျနော်ပြည်သူတစ်ယောက်အနေ နဲ့ နားထောင်ရမှာပေါ့"

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကျိုက်ထီးရိုးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပြီး စေတီတော်ဂေါပကအဖွဲ့ကို ပညာရှင်တွေပါဝင်ပြီး ပြင်ဆင်ဖွဲ့စည်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ရိုးရိုးလေးကုမ္ပဏီဟာ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဟိုတယ်အခန်းပေါင်း ၁၀၆ ခန်းကို ဆောက်လုပ်ထားတဲ့အတွက် တစ်လအတွင်း ပိတ်သိမ်းဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ နိုင်ငံခြားသားတွေ တည်းခိုနိုင် ဖို့အတွက် တည်းခိုဆောင်တွေ ဆောက်လုပ်ဖို့ အရင်အစိုးရက ညွှန်ကြားခဲ့တာကြောင့် စေတီတော် ဂေါပကအဖွဲ့နဲ့ စည်ပင်သာယာရေးကော်မတီတို့ရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ ဦးနေထက်သိန်းနိုင် က ပြောပါ တယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ကျိုက်ထီးရိုးတောင်ပေါ်မှာ ရိုးရိုးလေးကုမ္ပဏီကို ဟိုတယ်ခန်း ၁၃၅ ခန်း ဆောက်လုပ်ခွင့် ချထားပေးတာဖြစ်ပြီး ရိုးရိုးလေးကုမ္ပဏီက ခွင့်ပြုတာထက်ပိုပြီး အခန်း ၁၀၀ ကျော် ဆောက် လုပ်ထားတာဖြစ်ပါတယ်။

ဦးနေထက်သိန်းနိုင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။