ကျောက်ဖြူမှာ ရေလုပ်သား ၆ဝဝ ကျော် ဆန္ဒပြ
2017.05.22
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ်ရေနံတင်သင်္ဘောကြီးတွေ ဝင်ထွက် သွားလာနေတာကြောင့် ဒေသ ခံ ရေလုပ်သားတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ ရေလုပ်သား ၆ဝဝ လောက်က ဒီနေ့ ချီတက်ဆန္ဒပြကြပါတယ်။
ဒေသခံ ရေလုပ်သားတွေရဲ့ အခက်အခဲတွေအတွက် အဖြေတစ်ခုရချင်တာကြောင့် အခုလို ဆန္ဒပြတောင်းဆိုတာ လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ရေလုပ်သားတစ်ဦးဖြစ်သူ ကိုလုံးလုံး ကပြောပါတယ်။
"ရေလုပ်သားတွေ ဘယ်တော့မှ အဆင်မပြေတော့ဘူး၊ ရေလုပ်သားတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို ကုမ္ပဏီကပဲ တာဝန်ယူပေးမလား၊ လက်ရှိအစိုးရကပဲ တာဝန်ယူပေးမလား ဒါကိုသိချင်လို့ ဆန္ဒပြရခြင်းဖြစ်တယ်"
ဆန္ဒပြသူတွေဟာ ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းကနေ မဒေးကျွန်းပေါ်မှာရှိတဲ့ တရုတ်အမျိုးသားပိုင် CNPC ကုမ္ပဏီရှေ့ကို စက်လှေအစီး ၁၀၀ ကျော်နဲ့ ချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။
ရေနံတင်သင်္ဘောကြီးတွေ ဝင်ထွက်သွားလာစဉ် ရေလမ်းကြောင်းတလျှောက် ငါးဖမ်းတာတွေ မပြုလုပ်ဖို့ ငါးလုပ် ငန်းဦးစီးဌာနက တားမြစ်ထားတာကြောင့် ရေလုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဒေသခံတွေ အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
ရေနံတင်သဘောၤကြီးတွေကြောင့် လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ရေလုပ်သားတွေ အခက်အခဲနဲ့ ရင်ဆိုင်နေ ရတာဖြစ်ပြီး ဒီကိစ္စအပေါ် အစိုးရဘက်က တစ်စုံတရာဖြေရှင်းမပေးတာကြောင့် ရေလုပ်သားမိသားစုတွေရဲ့ အနာဂတ်အတွက် စိုးရိမ်မိတယ်လို့လည်း ဆန္ဒပြသူတွေကပြောပါတယ်။
ဆန္ဒပြသူတွေဟာ ကျောက်ဖြူမြစ်ကြောင်းအတွင်း ရေလုပ်သားတွေရဲ့မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတွေကို တာဝန်ယူဖြေရှင်းပေးဖို့၊ မဒေးကျွန်းနဲ့ ကျောက်ဖြူမြို့အတွင်းက ကျေးလက်ဒေသတွေကို ၂၄ နာရီ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်ပေးဖို့၊ ပညာရေးအတွက် အထက် တန်းကျောင်းတွေ ဆောက်လုပ်ပေးဖို့၊ စိုက်ပျိုးရေးတာတမံတွေ တည်ဆောက်ပေးဖို့ စတဲ့အချက်တွေကို လည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို မဒေးကျွန်း၊ ဖယ်ခုံ၊ သစ်ပုတ်တောင်၊ ကုလားပါတောင်၊ သောင်ခုံမော်၊ ပိုက်ဆိပ်၊ မြစ်နားတန်း စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။