ကျောက်ဖြူ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်း ဒေသခံတွေ ကန့်ကွက်
2015.05.06
ကျောက်မီးသွေးတုံးများကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အလယ်ဒွိန်ကျေးရွာ အုပ်စုမှာ အကောင်အထည် ဖော်မယ့် ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက် လိုက်ပါတယ်။
စီမံကိန်းကို အကောင်အထည်ဖော်မယ့် ဒေဝူးကုမ္ပဏီနဲ့ MCM Energy ကုမ္ပဏီတို့က ကျောက်ဖြူမြို့နယ်ခန်းမ မှာ ဒေသခံတွေနဲ့တွေ့ဆုံပြီး စီမံကိန်းအကြောင်းကို ရှင်းပြရာမှာ ကန့်ကွက်ကြတာဖြစ်တယ်လို့ တွေ့ဆုံပွဲ ကိုတက်ရောက်ခဲ့တဲ့ ကိုကျော်ဝင်းက ပြောပါတယ်။
"အဓိကပြောတာကတော့ ရခိုင်ပြည်နယ်မှာ လျှပ်စစ် ကရတဲ့မီးနဲ့ပဲ ရချင်တဲ့ပုံစံမျိုး ကျောက်မီးသွေးစက်ရုံ ဆိုတာ မလိုအပ်ဘူးဆိုတဲ့ပုံမျိုးနဲ့ ကန့်ကွက်သွားမှာပါ"
အဲဒီစီမံကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ Daewoo International Corporation နဲ့ MCM Energy Company Limited တို့က ပူးပေါင်းအကောင်အထည်ဖော်ဖို့ ပြင်ဆင် နေတာဖြစ်ပါတယ်။
အစိုးရနဲ့ သဘောတူစာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားကို ရယူတာဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုက တာဝန်ရှိသူတွေက ဒီနေ့တွေ့ဆုံပွဲမှာ ရှင်းပြ တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်ပြီး မြို့ခံတွေရဲ့ သဘောတူညီချက်မပါဘဲ ဒီစီမံကိန်းကို အကောင်အထည်ဖော်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အလယ်ဒွိန်ကျေးရွာ အုပ်စုက မြေဧက ၆၀၀ လောက် မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး အမေရိ ကန်ဒေါ်လာ သန်း ၂၅၀၀ လောက် ရင်းနှီးမြုှပ်နှံမှာဖြစ်တယ်လို့ သိရပါ တယ်။
တွေ့ဆုံပွဲကို ကျောက်ဖြူမြို့ခံတွေနဲ့ အလယ်ဒွိန်ကျေးရွာက ဒေသခံ ၄၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြို့ခံကိုကျော်ဝင်း ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။









