သံဇစ်မြစ်ရေထုညစ်ညမ်းမှု စစ်တမ်းကောက်ယူ


2018.08.27
kyaukphyu-water-pollution-622.jpg ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းနေမှုကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Tun Kyi Kyi - facebook

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်ကနေ အမ်းမြို့နယ်အတွင်းထိ ရေထုညစ်ညမ်းမှု ပြန့်ပွားနေတာကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကို အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့် လှုပ်ရှားရေးအဖွဲ့က စစ်တမ်းကောက်ယူနေပါတယ်။

ရေထုညစ်ညမ်းမှုဟာ ဒေသခံရေလုပ်သားတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေသလဲဆိုတာ သိနိုင်ဖို့ စစ်တမ်းကောက်ယူတာလို့ အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့် လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင် က ပြောပါတယ်။

"အမ်းမြို့နယ်အတွင်းက ချောင်းတွေမြစ်တွေထဲမှာ ဒီရေမဲတွေက နေရာအနှံ့အပြားကိုရောက်လာတာပေါ့။ ရေလုပ်သားတွေက ရေလုပ်ငန်းတစ်ခုတည်းကို မှီခိုအားထားနေရတဲ့အပေါ်မှာ ဘယ်လောက်ထိ ထိခိုက်မှုတွေ ရှိနေသလဲ၊ နောက်ဆက်တွဲပြဿနာက သူတို့အတွက် ဘယ်လောက်ထိကို သက်ရောက်မှုရှိသလဲဆိုတာ ကျနော်တို့က သူတို့နဲ့တွေ့ဆုံမေးမြန်းမှုတွေ လုပ်ပါတယ်"

ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်ပေါ်မှာ ရေထုညစ်ညမ်းမှုတွေ ထူးထူးခြားခြားဖြစ်ပေါ်နေတာကို ပြီးခဲ့တဲ့ ဇူလိုင်လ ကုန်ပိုင်းမှာ ဒေသခံတွေက စတင်တေ့ွ့ရှိခဲ့တာပါ။

အဲဒီညစ်ညမ်းရေထုဟာ ကျောက်ဖြူမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မြေပုံမြို့နယ်အပြင် အမ်းမြို့နယ်ထဲက မင်းတပ်ပေါက်၊ သင်္ဘောကွေ့၊ သပြုချိုင် စတဲ့ ရေငန်ဝင်ရောက်ရာ မြစ်ချောင်းအတော်များများထိ ပျံ့နှံ့လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့နယ်အတွင်းမှာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဒေသခံတွေကို မေးမြန်းချက်အရ ရေထု ညစ်ညမ်းမှုကြောင့် ငါးဖမ်းဆီးရရှိမှု သိသိသာသာလျော့ကျသွားတာ၊ ဂုံးတွေ သေဆုံးမှုများလာတာနဲ့ ရေလုပ်သားတွေ ရဲ့ အရေပြား ထိခိုက်မှုတွေရှိလာတာကို သိခဲ့ရတယ်လို့ ကိုမျိုးလွင် က ပြောပါတယ်။

ဒီတွေ့ရှိချက် အသေးစိတ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ လွှတ်တော်ကို တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

စိမ်းလန်းအမိမြေအသင်းကတော့ အဲဒီရေတွေထဲမှာ ခဲဓာတ်ပါဝင်မှု ၁၀ ဆအထိရှိနေပြီး ရေထုညစ်ညမ်းမှု မြင့်မားနေတာကြောင့် လူနဲ့တိရစ္ဆာန်တွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ကနေ စတင်တွေ့ရှိခဲ့တဲ့ ရေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး မဒေးကျွန်းပေါ်မှာရှိနေတဲ့ ရေနံသိုလှောင်ကန်တွေကို ဒေသခံတွေဘက်က သံသယရှိနေကြပေမယ့် အစိုးရက ဘာကြောင့်ဖြစ်တယ် ဆိုတာကို ဒီနေ့အချိန်အထိ တိတိကျကျ ထုတ်ပြန်တာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။