ကျောက်ဆည် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးကို ထောင် ၆ လ ချမှတ်

2016-01-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် ပုဒ်မ ၃ခုနဲ့ ဒီနေ့ အမရပူမြို့နယ် တရားရုံးက ထောင်ဒဏ် ၆လ အမိန့်ချ လိုက်ပါတယ်။

အစိုးရတာဝန် လွှဲပြောင်းရေးဆောင်ရွက်နေချိန်အထိ ကျောင်းသားတွေကို ဖမ်းဆီးထောင်ချနေတာ မဖြစ်သင့်ဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

"ဒါအငြိုးနဲ့လုပ်တာ၊ အာဏာလွှဲပြောင်းမှုရှိတဲ့ အခုအချိန်အထိ ကျောင်းသားတွေကို ဟိုအမှုမှာစွဲလိုက် ဒီအမှုမှာ စွဲလိုက် ရဲနဲ့ တရားရုံးက ဓါးစားခံပေါ့ဗျာ၊ ခိုင်းတာလုပ်တာ၊ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုပြီးတော့ သေနတ်ကိုင်တဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ သေနတ်မကိုင်တဲ့သူတွေကို ဒီလို လုပ်ထားတာ အံ့သြစရာမကောင်းပါဘူး၊ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းပါတယ်"

ကိုရဲရင့်ပိုင်မှူးဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ တရားမ၀င် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှုတို့နဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လက ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။

အဲဒီအမှုတွဲမှာ ရတနာပုံတက္ကသိုလ် ကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဥာဏ်လင်းထက်တို့ ပါဝင်ပြီး သူတို့ဟာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမယ့် ကိုရဲရင့်ပိုင်မှူးဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ဖမ်းဝရမ်းထုတ်ခံထားရတာပါ။

ဖမ်းဝရမ်းထုတ်ခံရပြီး ၆လ အကြာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်လောက်က မန္တလေးရဲသတင်းတပ်ဖွဲ့က ဖမ်းမိခဲ့တာဖြစ်ပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့