ကျောက်တန်းဖြစ်စဉ် ဥပဒေနဲ့ညီမညီ စုံစမ်းစစ်ဆေးမည်
2019.05.07
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ဒဏ်ရာရသူ တစ်ဦးကို စစ်တွေဆေးရုံမှာ ၂၀၁၉ မေလ ၃ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာသား ခြောက်ဦး သေဆုံးမှုနဲ့ပတ်သက်လို့ ဥပဒေနဲ့မညီဘဲ ဆောင်ရွက်တာတွေ စစ်ဆေးတေ့ွရှိခဲ့မယ်ဆိုရင် ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ဒီနေ့ RFA ကို ပြောလိုက်ပါတယ်။
ကျောက်တန်းကျေးရွာမှာ ရက္ခိုင့်တပ်မတော် AA နဲ့ပတ်သက်လို့ သံသယရှိတဲ့ လူ ၂၇၅ ဦးကို တပ်မတော်က ဧပြီလ ၃၀ ရက်နေ့က ထိန်းသိမ်းစစ်ဆေးပြီးနောက် မေလ ၂ ရက်နေ့ မနက် နှစ်နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ လူခြောက်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တာပါ။
ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်အရာအရှိ ငါးဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မေလ ၃ ရက်နေ့က ဖွဲ့စည်းပြီး ဥပဒေနဲ့အညီ ဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးမှာဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်လာချိန်မှာ RFA ကို ပြောတာဖြစ်ပါတယ်။
တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားစဉ် ကျောက်တန်းရွာသား ခြောက်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။
ကျောက်တန်းကျေးရွာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ဝင်တွေ ဒေသခံအယောင်ဆောင်ပြီး ဝင်ရောက်နေကြောင်း သတင်းရတဲ့အတွက် မြန်မာတပ်မတော်က ရွာသား ၃၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေတုန်း ရွာသားတွေက ညာသံပေးပြီး သေနတ်လုယူဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ထိန်းသိမ်းခဲ့ရပြီး လူ ခြောက်ယောက် သေဆုံး၊ ရှစ်ယောက် ဒဏ်ရာခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
တပ်မတော်ဟာ အခုလို တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတဲ့ အမှုအခင်းမျိုးတွေကို စုံစမ်းစစ်ဆေးရာမှာ တကယ်အမှုမှန်ပေါ်ပေါက်အောင် အရင်ကလည်း မဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ ကျောက်တန်းရွာဖြစ်စဉ်ကို အောက်ခြေအထိ တိတိကျကျဖော်ထုတ်နိုင်ဖို့ တကယ် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးတစ်ခု ဖွဲ့စည်းနိုင်ဖို့ လိုအပ်တယ်လို့ HRW အဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ကြေငြာချက်မှာ ပါရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် နဲ့ ကိုရဲတိုက်တို့ ပေးပို့တာပါ။









