ကျောက်တော်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး အသတ်ခံရ


2019.08.07
general-administration-dept-kyauktaw-622.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို တွေ့ရစဉ်
Photo: Kyaw Hlamyint

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဆင်အိုးချိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတစ်ဦးတို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပျောက်ဆုံးပြီးနောက် သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဆင်အိုးချိုင်ကျေးရွာအုပ်စုရဲ့ ယာယီအုပ်ချုပ်ရေးမှူး ဦးသန်းမောင် နဲ့ သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး ဦးမောင်ဝင်းနိုင် တို့ဟာ သြဂုတ်လ ၃ ရက်နေ့က ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဆင်အိုးချိုင်ကျေးရွာအုပ်စု ဆင်အိုးပေါက်တောကျေးရွာကို သြဂုတ် ၃ ရက်နေ့က သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားတာလို့ သေဆုံးသူ ဦးသန်းမောင် ရဲ့ သမီးဖြစ်သူ ဒေါ်မစောမော် က ပြောပါတယ်။

"အိမ်က အဖေ ထွက်သွားတာကို မသိလိုက်ပါဘူး။ သိရတဲ့ချိန်မှာက ကောင်လေးတစ်ယောက် လာပြီးပြောတာပါ။ အစ်မရေ ဦးလေးကို လူတွေဖမ်းသွားပြီလို့ပြောတယ်။ လူဖမ်းသွားပြီဆိုတော့ ဘယ်သူလဲလို့မေးတယ်။ စစ်သားလား၊ ရဲသားလားလို့ အဲဒီကောင်လေးကိုမေးတော့ သူကလည်းမဟုတ်ဘူး ဒီလိုလူတွေပဲတဲ့။ ဘယ်မှာလဲ၊ မွတ်စလင်ရွာမှာလို့ ဖြေတော့ အဲဒီရွာကို လိုက်သွားပါတယ်။ အဲဒီရွာကိုရောက်သွားတော့ အဖေ့ကိုမတွေ့၊ ဖမ်းသွားတဲ့လူတွေကိုလည်း မတွေ့တော့ပါဘူး။ အဲဒီမှာရှိတဲ့လူတွေကိုလည်း မေးလို့မရဘူး။ လူတွေဖမ်းသွားတယ်လောက်ပဲ ပြောကြတယ်။ နောက်ဆုံး ဘယ်လိုမှမေးလို့မရတော့ ပြန်လာပါတယ်။ ပြန်လာပြီး တစ်ရက်၊ နှစ်ရက်လောက်နေတော့ လေးရက်အတက်မှာမှ အဲဒီအလောင်းကို လူတွေက ဖုန်းဆက်ပြောပါတယ်။ ကျွန်းမှာ အလောင်းတစ်လောင်းတွေ့တယ်လို့ ဖုန်းဆက်လာတယ်။ ဖုန်းဆက်လာတဲ့အချိန်မှာ ညနေ ၃ နာရီလောက်ရှိနေပြီ။ အဲဒီနေရာကို ရွာကလူတွေကသွားပြီးတော့ ဟုတ်မဟုတ် သွားကြည့်ကြပါတယ်။ ကြည့်လိုက်တော့ ဟုတ်နေတယ်။ ဟုတ်နေတော့ အလောင်းကို ယူလာပါတယ်။ အလောင်းကိုသွားယူတဲ့သူတွေကတော့ ပြောပါတယ် ခန္ဓာကိုယ်မှာ ဓားထိုးရာတွေ ပါတယ်တဲ့။ ယာဘက်ရင်အုံမှာ ဓားထိုးရာ သုံးချက်၊ ဘယ်ဘက်ရင်အုံမှာလည်း ဓားထိုးရာ နှစ်ချက်ပါတယ်တဲ့။ အလောင်းကိုသွားယူတဲ့သူတွေက ပြောတာပါ။ အရုပ်ကိုတော့ ကြည့်လို့မရတော့ဘူး။ ပျောက်သွားပြီး လေးရက်မြောက်နေ့မှာမှ တွေ့တာဆိုတော့ အနံ့တွေထွက်ပြီး မျက်နှာတွေ ပျက်သွားပြီ။ ကိုယ့်အဖေကိုတောင် မမှတ်မိတော့ဘူး"

နောက်တစ်ရက်အကြာမှာ ဆာလာအိတ်နဲ့ ထုတ်ထားတဲ့ ရာအိမ်မှူးရဲ့ ရုပ်အလောင်းကို ရွာအနီး မြစ်ကမ်းစပ်မှာ ပြန်လည်တေ့ွရှိခဲ့တာဖြစ်ပြီး သြဂုတ် ၅ရက်နေ့ညနေမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ရုပ်အလောင်းကို ထပ်မံတေ့ွရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သူတို့နှစ်ဦးရဲ့ ကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေ တေ့ွရှိပြီး ကြိုးတုပ်လျက်နဲ့ ဖြစ်နေတာကို တေ့ွရတယ်လို့ ဒေသခံ ဦးကျော်လှမြင့် က ပြောပါတယ်။

အခုသေဆုံးသွားတဲ့ အသက် ၅၅ နှစ်အရွယ် ဆင်အိုးချိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းမောင် ဟာ ယာယီအုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်နေတာ ရက်ပိုင်းသာ ရှိသေးတယ်လို့ သိရပါတယ်။

ဒီကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူးတို့ သေဆုံးတာနဲ့ပတ်သက်လို့ မြို့နယ်ထွေအုပ်နဲ့ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ထံ RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဒီလူနှစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုဖွင့်ဆောင်ရွက်ထားတဲ့ အခြေအနေကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းက အခုလိုပြောပါတယ်။

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်။ သတ်သွားတာတော့ AA ဖြစ်သွားမှာပေ့ါ။ ဒီမှာ ရှိတာ ကျန်တဲ့လက်နက်ကိုင်မှ မရှိတာ"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက - အခုလိုပြောပါတယ်။

"အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံတွေကို ခေါ်သွားတာ။ အဲဒါတွေက နည်းနည်းအကြောင်းရှိတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်တုန်းက အဲဒီရွာနားမှာ လူသစ် စုတဲ့အနေနဲ့ ကားတစ်စီးနဲ့ ဆုံရပ်လုပ်ထားတာ။ ကျွန်တော်တို့က ဖမ်းမိလိုက်တယ်။ လူငယ်အသက် ၂၀ ဝန်းကျင် ၁၀ ယောက်လောက် ဖမ်းမိတယ်။ စစ်ဆေးလိုက်တဲ့အခါကျတော့ သူတို့ စည်းရုံးခံရလို့ AA ထဲ သွားမယ့်အဖွဲ့တွေဖြစ်တယ်လို့ သူတို့ကိုယ်တိုင် ထွက်ဆိုတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ဥပဒေလမ်းကြောင်းအရ ဆက်လုပ်တာရှိတယ်။ ဒါကို AA က ဒီရွာဝန်းကျင်တဝိုက်မှာ အဖမ်းခံရတာဖြစ်လို့ သူတို့ သတင်းပေးတာဖြစ်မယ်ဆိုပြီး ယူဆပြီး သာဒါဆိပ်နဲ့ ဆင်အိုးချိုင်က နှစ်ယောက်ကို AA က ခုနှစ်ယောက်လောက်ရှိတယ်။ ကျေးရွာထဲက မြင်လိုက်တယ်။ ဖမ်းခေါ်သွားတာ စက်လှေနဲ့။ ဘာမှလည်း လုပ်လို့မရဘူး။ ခေါ်သွားတာ အဲဒီရွာနဲ့ လေးငါးမိုင်နဲ့ဝေးတဲ့ ကုလားတန်မြစ်ဘေးမှာ သူတို့အလောင်းတွေကို ဓားထိုးဒဏ်ရာတွေနဲ့ တွေ့တာ။ အလောင်းတစ်လောင်းကတော့ ကျောက်တော်ကို ရင်ခွဲစစ်ဆေးဖို့ ပို့လိုက်တယ်။ ဒါတွေကို ဒေသခံတွေကလည်း တေ့ွလို့ AA ဖမ်းသွားတယ်ဆိုတာ အတည်ပြုတာ"

ရက္ခိုင့်တပ်တော် AA က သတ်တာလို့ ရဲတပ်ဖွဲ့နဲ့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး တို့ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး AA ပြောခွင့်ရသူ ခိုင်သုခ ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲကာလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိခဲ့တာကြောင့်ဆိုပြီး ဇွန်လအတွင်းမှာ ကျောက်တော်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၆၀ နီးပါး နုတ်ထွက်ထားကြပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ဒီတိုက်ပွဲကာလအတွင်း သေဆုံးတဲ့ အုပ်ချုပ်ရေးမှူး ငါးဦးဝန်းကျင်ရှိပြီး ပျောက်ဆုံးနေသူ တစ်ဦး ရှိပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။