ကျောက်တော်မြို့ ဗုံးကြဲခံရမှု ဒေသခံ နှစ်ဦးထက်မနည်း သေဆုံး

RFA Burmese
2024.04.04
ကျောက်တော်မြို့ ဗုံးကြဲခံရမှု ဒေသခံ နှစ်ဦးထက်မနည်း သေဆုံး ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကားဂိတ် ဗုံးကြဲခံရသဖြင့် မီးလောင်နေတာကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ကို ဧပြီလ ၄ ရက် ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လူနေရပ်ကွက်တွေထဲကို ဂျက်တိုက်လေယာဉ်ပေါ်ကနေ ဗုံးလေးလုံးကြဲချခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာလို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဂျက်လေယာဉ်နဲ့ နှစ်ခေါက်လာပြီး ဗုံးကြဲသွားတာပါ။ ဗုံးလေးလုံး ကြဲခဲ့ပါတယ်။ ကားဂိတ်မှာ သုံးလုံးပေါက်ကွဲတယ်။ တံတားရင်းမှာ တစ်လုံးပေါက်ကွဲခဲ့ပါတယ်။ လောလောဆယ်တော့ နှစ်ယောက်သေတယ်။ ဒဏ်ရရသူတွေလည်းရှိပါတယ်။ အခုအပြင်ကို မထွက်ရဲကြသေးတော့ ကျန်တဲ့သူတွေကို အတိအကျ မသိရသေးပါဘူး”

ဒီနေ့ညနေ ၆ နာရီအချိန်ထိ ကျောက်တော်မြို့နဲ့ အနီးတစ်၀ိုက်မှာ ဂျက်တိုက်လေယာဉ်တစ်စင်း ပျံဝဲနေဆဲဖြစ်တာကြောင့် ဒေသခံတွေ ဗုံးခိုကျင်းတွေနဲ့ လုံခြုံမယ့်နေရာတွေမှာ ပုန်းခိုနေကြရတယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲတွေအတွင်း သေဆုံးတဲ့ အရပ်သား နှစ်ရာနီးပါးနဲ့ ဒဏ်ရာရသူ ငါးရာကျော်ရှိအထိရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။