ရေတပ်ကပစ်လို့ ကျောက်တော်နယ်က အဖိုးအိုတစ်ဦး ဒဏ်ရာရ


2019.11.29
kaladan-river-622.JPG ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကုလားတန်မြစ်ကြောင်းက နေရာတစ်ခုကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာမှာ ကုလားတန် မြစ်ကြောင်းထဲသွားနေတဲ့ ရေတပ်ကပစ်ခတ်လို့ အသက် ၇၀ ကျော်အရွယ် အဖိုးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံကို အရေးပေါ်ပို့ဆောင် လိုက်ရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အေအေ အဖွဲ့က လမုတပင်ကျေးရွာ ဘက်ကနေ တိုက်ခိုက်လို့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ တုံ့ပြန်ပါတယ်။

ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ တပ်မတော် ရေယာဉ်တွေဟာ လမုတပင်ကျေးရွာဝန်းကျင်အရောက်မှာ ရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

နေ့လယ် ၁ နာရီခွဲလောက်ကနေစပြီး အချိန်နာရီဝက်ခန့်ကြာအောင်အထိ ကုလားတန်မြစ်ကြောင်း အရှေ့ဘက် ကမ်းတွေမှာရှိတဲ့ လမုတပင်နဲ့ ကျောက်ဖြူကျေးရွာတွေကို အဓိကထားပစ်ခတ်ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

လမုတပင်ကျေးရွာမှာတော့ အသက် ၇၀ ကျော်အရွယ် အဘိုးအိုတစ်ဦးဖြစ်တဲ့ ဦးမောင်ဘညွန့်ရဲ့ ယာဘက် လက်မောင်းအောက်မှာ ဒဏ်ရာရသွားတယ်လို့ ဆွေမျိုးတစ်ဦးဖြစ်တဲ့ ဦးလုံးမောင်က ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ အဲဒီအဖိုးအိုဟာ သစ်ပင်အောက်မှာ ဝပ်ပြီးပုန်းနေစဉ် လက်နက်ကြီးကျည်ဟာ သစ်ကိုင်းပေါ်ကျရောက်ပေါက်ကွဲပြီး အဲဒီကနေ လက်နက်အစ ထိမှန်သွားတာလို့ ဆိုပါတယ်။

အခုလက်ရှိမှာတော့ အဖိုးအိုကို ကျောက်တော်ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။ပစ်ခတ်ခံရတဲ့ ကျောက်ဖြူကျေးရွာမှာလည်း နေအိမ်တစ်လုံးပျက်စီးသွားပြီး အခြားနေအိမ်အချို့မှာလည်း ကျည်ကျရောက် တာကြောင့် ခေါင်မိုးတွေပျက်စီးသွားတယ်လို့ ရွာသားတွေကပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူကျေးရွာသားတစ်ဦးက နှစ်ဘက်တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ တပ်မတော်ဘက်က တစ်ဖက်သတ်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ ဒီနေ့ နေ့လယ်ကပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် လမုတပင်ကျေးရွာမှာ ရွာသား ၂၀၀ ကျော်ဟာ ကျေးရွာဘုန်းကြီးကျောင်းကို ထွက်ပြေးခိုလှုံနေခဲ့ကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အေအေ အဖွဲ့က လမုတပင်ကျေးရွာ ဘက်ကနေ RPG တွေ ၄၀ မမ တွေနဲ့ လှမ်းပစ်ခဲ့တာကြောင့် ကမ်းထိုးရေယာဉ်တစ်စီး အနည်းငယ်ထိခိုက်ပြီး စစ်သည်အချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

အေအေ အဖွဲ့က ကျေးရွာကိုအကာအကွယ်ယူပြီး တိုက်ခိုက်ရင် တပ်မတော်ကလည်း လိုအပ်ချက်အရ ပြန်လည်ပစ်ခတ်ရမှာပဲလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA ကဆက်သွယ်မေးမြန်းထားပြီး ညနေ ၅ နာရီခွဲကျော် အချိန်အထိ တုံ့ပြန်ချက်ကို မရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ဟာ တစ်နေ့ထက်တစ်နေ့ တိုးလာနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲကာလအတွင်း အခုလက်ရှိအချိန်အထိ အရပ်သားသေဆုံးမှုဟာ ၉၀ ကျော်အထိရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ ၁၄၀ ကျော်အထိ ရှိနေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။