NLD လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ထောင် ၁၉ နှစ်ချ

RFA Burmese
2022.12.14
NLD လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ထောင် ၁၉ နှစ်ချ ပဲခူးတိုင်း ပြည်မြို့နယ် (NLD) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျအား တွေ့ရစဉ်။
ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး - ဖေ့စ်ဘွတ်ခ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ပဲခူးတိုင်း ပြည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျကို အမှု ခြောက်ခုအတွက် ပြည်မြို့ အကျဉ်းထောင်တွင်း တရားရုံးက ဒီဇင်ဘာလ ၁၂ ရက်မှာ ထောင်ဒဏ် ၁၉ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဦးကျော်ဇေယျကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ နှစ်မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ တို့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တစ်မှု၊ မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေနဲ့ တစ်မှု စုစုပေါင်း ခြောက်မှုနဲ့ တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရကတည်းက မိသားစုဟာ ဦးကျော်ဇေယျနဲ့ တွေ့ခွင့်မရဘူးလို့ ဇနီးဖြစ်သူ မနီလာက RFA ကို ပြောပါတယ်။

“ဖမ်းမိပြီး စစ်ကြောရေးမှာ အရိုက်ခံရတာ။ သူ ထောင်ထဲရောက်တဲ့အချိန် လူရုပ်တောင်မပေါ်ဘူးလို့ ကြားတယ်။ အခုထိ မိသားစုနဲ့လည်း လုံးဝတွေ့ခွင့်မရဘူး။ စာတောင် ပေးလို့မရဘူး”

စစ်ကောင်စီတပ်သားတွေက ဦးကျော်ဇေယျကို ဒီနှစ် ဇွန်လ ၉ ရက်မှာ ဖမ်းဆီးခဲ့ပြီး ရန်ကုန်မြို့ ရေကြည်အိုင်စစ်ကြောရေးနဲ့ ပြည်မြို့ ဒ.က.စ စစ်ကြောရေး နှစ်ခုမှာ နှစ်လအကြာ စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ပြည်မြို့အကျဉ်းထောင်ကို ပို့ခဲ့တာလို့ ဇနီးဖြစ်သူက ပြောပါတယ်။

ဦးကျော်ဇေယျဟာ ပဲခူးတိုင်း ပြည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေး ကောက်ပွဲနှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့တာပါ။

NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း NLD လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင် ၁,၁၆၉ ဦး ဖမ်းဆီးထောင်ချခံထားရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်က အဲဒီရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။