NLD ကနေ အထုတ်ခံရလို့ အမတ် ဦးကျော်ဇေယျ အံ့အားသင့်မိ

ဖြူဖြူခိုင်
2020.01.26
kyaw-zayya-622.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီကနေ ထုတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ပါတယ်။

ပါတီကနေ အထုတ်ခံခဲ့ရတဲ့ ဦးကျော်ဇေယျကတော့ ဗဟိုဦးစီးစနစ်ကြီးကို မကြိုက်လို့ ဒီမိုကရေစီစနစ်ဆီကို မျှော်မှန်းချီတက်နေတဲ့ ပါတီကြီးက အခုလိုအောက်ခြေ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးက ပါတီဝင်တွေရဲ့ သဘောထားတွေကို ရယူတာမျိုးမရှိဘဲ ဗဟိုကတိုက်ရိုက် ဆုံးဖြတ်ချက်အရဆိုပြီး ဆုံးဖြတ်ခဲ့တဲ့အတွက် အလွန်အံ့သြမိတယ်လို့ဆိုပါတယ်။

၂၀၁၆ -၂၀၁၇ စာရင်းစစ်ချုပ်အစီရင်ခံစာကို ဆွေးနွေးအပြီးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒဂုံမြို့နယ် အလုပ်အမှုဆောင်အဖြစ်ကနေ ရပ်စဲခံခဲ့ရပြီး ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာ ဆွေးနွေးအပြီးမှာလည်း အခုလို ပါတီဝင်အဖြစ်ကနေ ရုပ်သိမ်းခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

“အန်ကယ်ပြောတာက လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောတာပဲ။ ပါတီနဲ့အတွင်းစကားကို ပြောချင်ရင် ပါတီထဲမှာ ပြောလို့ရတယ်ဆိုတော့ အန်ကယ်ပါတီတွင်းပြောတယ်။ သက်သေအထောက်အထား ရှိတယ်။ ပါတီ လွှတ်တော် အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ။ နောက်ဆုံးတွေ့ဆုံပွဲမှာ အကြီးဆုံးက ဒေါက်တာ ဇော်မြင့်မောင်အရှေ့မှာ ဝန်ကြီးချုပ်ကို မေးချင်တာတွေမေးတယ်။ သူကမေးခွန်းများကို ပြန်မဖြေဘူး။ ဝန်ကြီးချုပ်ကျွန်တော့်မေးခွန်းကို ဖြေသင့်ပါတယ်ဆိုပြီး အန်ကယ်ထပြောတယ်။ ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌက တော်ပါတော့ဗျာဆိုပြီး ထိုင်ခိုင်းတယ်။ အဲတော့ ပါတီတွင်းမှာဆွေးနွေးတော့လည်း အစိုးရအဖွဲ့က ပြန်ရှင်းမပြဘူး။ ပြန်ရှင်းမပြတဲ့အခါမှာ အန်ကယ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဖြစ်တဲ့အတွက် လွှတ်တော်အပြင်မှာ အစိုးရကို မေးရတော့မှာပေါ့။ အစိုးရကို Check and Balance လုပ်တဲ့နေရာမှာ။”

ပါတီတွင်းဆွေးနွေးရမယ့် အကြောင်းအရာတွေကို ပြင်ပကို ထုတ်ဖော်ပြောဆိုခဲ့တာတွေကြောင့် ဦးကျော်ဇေယျကို ပါတီစည်းကမ်းအရ အရေးယူလိုက်တာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်

“ဒီမိုကရေစီနိုင်ငံမှာတော့ လွတ်လပ်စွာ မေးမြန်းခွင့်ရှိပါတယ်။ ကျွန်တော်တို့လည်းဖြေလို့ရသလောက် ဖြေပါ့မယ်။ ပါတီမှာက ပါတီတွင်းပြောရတာရှိတယ်။ ပြင်ပကို လူထုကို အသိပေးရတာ ရှိတယ်။ ဒီလိုတော့ ခွဲခြားထားတာ ရှိပါတယ်။”

ဘယ်ကိစ္စတွေကို ထုတ်ဖော်ပြောဆိုတာကြောင့် ဦးကျော်ဇေယျကို အရေးယူတယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုခြင်းမရှိပါဘူး။

NLD ပါတီအနေနဲ့ စည်းကမ်းချိုးဖောက်တဲ့ ပါတီဝင်တွေကို နှုတ်နဲ့သတိပေးတာ၊ စာပို့ရေးသား သတိပေးတာ၊ အချိန်အကန့်အသတ်နဲ့ ပါတီတာဝန်ကနေရပ်ဆိုင်းတာ၊ ဒဏ်ငွေချမှတ်တာနဲ့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာတွေကို အကြောင်းအချင်းအရာအပေါ်မူတည်ပြီး အရေးယူဆောင်ရွက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို နှုတ်နဲ့ သတိပေးတာ၊ စာနဲ့သတိပေးတာတွေ မလုပ်ခဲ့ဘဲ အမြင့်ဆုံးအရေးယူခြင်းဖြစ်တဲ့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာကို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

NLD ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေမှာ ပါတီရဲ့ပုံရိပ်ကျဆင်းစေတာ၊ ပါတီရဲ့စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် အပြုအမူအပြောဆိုတွေ မလုပ်ရဘူးလို့ ပါရှိတယ်လို့လည်း ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါတီရဲ့စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး ပါတီဝင်အဖြစ်က ထုတ်ပယ်ခဲ့တာ ‌လေးဦးခန့်ရှိပြီလို့ သိရပါတယ်။

ဒီလိုအရေးယူတာနဲ့ပတ်သက်ပြီး  မှန်ကန်မှုမရှိဘူးထင်တာ၊ တစ်စုံတစ်ရာပြန်ပြီး ချေပလိုတာရှိရင် အယူခံလွှာ တင်သွင်းပြီး အရေးယူထားတာကို ပယ်ဖျက်ပေးဖို့ ဆောင်ရွက်နိုင်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဦးကျော်ဇေယျကတော့ ပါတီကနေ ထုတ်ပယ်ခံရတဲ့အပေါ် အယူခံတင်မှာ မဟုတ်ဘဲ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ဝင်ရောက်ဖို့ ဒီကနေ့မှာ ပါတီဝင်လျှောက်လွှာ တင်ခဲ့ပြီလို့ ပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ဦးဆောင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်နဲ့ ဦးကျော်ဇေယျတို့ဟာ လွှတ်တော်တွင်းမှာ အစိုးရရဲ့ ဆောင်ရွက် ချက်တွေအပေါ် ဝေဖန်ထောက်ပြနေသူတွေ ဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ကတော့ ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းမှာ NLD ပါတီကနေ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာညိုညိုသင်း

NLD အနေနဲ့ သူ့ရဲ့ပါတီတွင်းမှာရှိတဲ့ ပြောရဲဆိုရဲရှိတဲ့ အမတ်တွေအပေါ် အခုလို ထုတ်ပယ်တဲ့အထိ အရေးယူ လိုက်တာကြောင့် တခြားအမတ်တွေရဲ့ အစိုးရအပေါ်ထိန်းကျောင်းမှု အပိုင်းမှာ မရှိသလောက်ရှားသွားနိုင်တယ်လို့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်လေ့လာနေသူလည်းဖြစ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း လည်းဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက သုံးသပ်ပါတယ်။။

“ရွေးကောက်ပွဲ နီးလာလေလေ အမတ်တွေတော်တော်များများက ကိုယ့်ကိုယ် ပြန်မရွေးတော့မှာ စိုးရိမ်လာလေလေ အစိုးရအပေါ်မှာ ထောက်ပြမှုတွေ နည်းလာလေလေ ပြည်သူလူထုအတွက် ဆုံးရှုံးမှု ကြီးလာလေလေလို့ပဲ အန်တီတို့ သတ်မှတ်တယ်”


ဦးကျော်ဇေယျဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ တပ်မတော်မှာလည်း ဒုဗိုလ်မှူးကြီးတာဝန်နဲ့ စီးပွားရေးဦးပိုင်လီမိတက်မှာ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။