The Lady ရုပ်ရှင်ကား ရောမ ရုပ်ရှင်ပွဲတော်မှာ စတင်ပြသ
2011.10.28
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနှင့် နိုင်ငံရေး လှုပ်ရှားမှုအကြောင်း ပြင်သစ်လူမျိုးဒါရိုက်တာ Luc Besson ရိုက်ကူးသည့် The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မင်းသမီး Michelle Yeoh ။ (Toronto International Film Festival)
ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။ အဲဒီ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က... ‘အမှန်တရား၊ တရားမျှတမှုနဲ့ ညီညွတ်မှု’ ဆိုတာတွေဟာ အာဏာတွေရဲ့ရက်စက် ကြမ်းကြုတ်မှုနဲ့ မိမိတို့ ပြည်သူတွေ အကြားမှာ ခိုင်ခိုင်မာမာ စည်းခြားထားတဲ့ ခံတပ်ကြီးတွေ ဖြစ်တာကြောင့် ဒါတွေကို ဘယ်တော့မှာ လက်လွှတ်လို့ မရနိုင်ကြောင်း ရေးသားထားပါတယ်။
ဒီဇာတ်ကား ရိုက်ကူးသူ ပြင်သစ်လူမျိုးဒါရိုက်တာ Luc Besson က မနေ့က ပွဲတော်ဖွင့်ပွဲ မတိုင်ခင် သတင်းထောက်တွေကို ပြောရာမှာ... “ ဒီရုပ်ရှင်အတွက် ဇာတ်ညွန်းကို ဖတ်လိုက်ရတဲ့အချိန်မှာ သူ မျက်ရည်ကျတဲ့အထိ ကြိုက်နှစ်သက်ခဲ့ရကြောင်း၊ ဒါကြောင့် ဒီ ဇာတ်ကား ရိုက်ကူးခွင့် လက်လွှတ်သွားမှာ စိုးတဲ့အတွက် နောက်ထပ် တနှစ်ခွဲအတွင်း သူ လက်ခံထားတဲ့ တခြားအလုပ်တွေ အားလုံးကို ဖျက်သိမ်းခဲ့တယ်” လို့ ပြောပါတယ်။
မင်းသမီး Michelle Yeoh ကလည်း ပွဲတော်အခမ်းအနားမှာ The Lady ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး... “အမှန်အတိုင်း ပြောရရင် ‘ဒေါ်စု’ နေရာမှာ သရုပ်ဆောင်ရ မယ်ဆိုတော့ ကျမ အင်မတန်ကို စိုးရိမ်မိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုဟာ မြန်မာပြည်သူတွေ တင်မကဘဲ ကမ္ဘာပေါ်က အဖိနှိပ်ခံပြည်သူတွေကို ကိုယ်စားပြုပြီး အများက လေးစားချစ်ခင်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တာကြောင့်ပါပဲ” လို့ ပြောသွားပါတယ်။
အခုကျင်းပနေတဲ့ (၆) ကြိမ်မြောက် ရောမရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်ကား ၁၅ ခု ထဲကနေ The Lady ရုပ်ရှင်ကားနဲ့ စတင် ဖွင့်လှစ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။









