ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် လမူးရဲစခန်းကို ဒေသခံ ၅၀၀ လောက်က ၀ိုင်းထားတာကြောင့် စခန်း လုံခြုံရေးအခြေအနေ စိုးရိမ်ဖွယ်ရှိနေကြောင်း အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
မနေ့က ကထိန်ပွဲကျင်းပရာမှာ အသံဆူညံလို့ ရဲစခန်းက တားဆီးခဲ့တာကြောင့် မနေ့ညကစပြီး ရဲစခန်းကို ဒေသခံတွေက ခဲတွေနဲ့ ပစ်ပေါက် ဖျက်ဆီးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရသလို ဒေသခံ ၉ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။
ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ဆိုပြီး ရပ်ကွက်အတွင်း နေထိုင်သူတွေ စုရုံးကာ ဒီနေ့မှာ ရဲစခန်းကို ၀ိုင်းထားတာလို့ အဲဒီရဲအရာရှိက ပြောပါတယ်။
လက်ရှိရဲစခန်းမှာ ရဲအရာရှိ အပါအ၀င် ၄၂ ဦးသာရှိပြီး သံတွဲမြို့နယ် ရဲစခန်းက လာရောက်ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
လူမှုကွန်ယက်မှာထွက်ပေါ်နေတဲ့ သတင်းတွေလို ပစ်မိန့်ပေးထားတယ်ဆိုတာ မဟုတ်ကြောင်းလည်း အဲဒီရဲအရာရှိက ငြင်းဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ RFA က ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့ထားတာဖြစ်ပါတယ်။