ကမ်းပြိုသွားတဲ့ မမောက်ရွာ က နေအိမ်တွေအတွက် အစိုးရ မြေနေရာပေး


2017.05.12
land-collapse.jpeg ပြိုကျနေတဲ့မြစ်ကမ်းပါးတစ်ခုကို တွေ့ရစဉ်
Photo: RFA

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မမောက်ကျေးရွာက ကမ်းပါးပြိုကျတဲ့အထဲ ပါသွားတဲ့ နေအိမ် ၂၀၀ ကျော် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေနေရာတွေပြန်လည်ပေးနေပါတယ်။

လက်ရှိမှာ ဝဲပတန်ကျေးရွာအပိုင်ထဲက လယ်မြေဧက ၁၁ ဧကကို တိုင်းအစိုးရအဖွဲ့က သိန်း ၉၀ မတည်ကာ ဒေ သခံတွေက သိန်း ၂ဝ ထည့်ဝင်ပြီး ဝယ်ယူပေးထားတဲ့နေရာကို ပြောင်းရွှေ့နေကြရတယ်လို့ မမောက်ကျေးရွာ က မြင်းသေချောင်း အလက(ခွဲ) ကျောင်းအုပ်ကြီး ဦးသိန်းဝင်း က ပြောပါတယ်။

"၁၁ ဧကကို ကျနော်တို့က ၁ ဧကကို ၁ဝ သိန်းနှုန်းပေးဝယ်ရတယ်၊ သိန်း ၁၁၀ ကုန်မယ်၊ အဲဒါကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ၉၀ ထည့်ဝင်ပြီးတော့ ၂ဝ က အခုရွှေ့ပြောင်းတဲ့ လုပ်သားပြည်သူတွေက ထည့်ရပါတယ်၊ လောလောဆယ်ဆယ် လိုအပ်နေတာကတော့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး နဲ့ လတ်တလော ကျောင်းဖွင့်ရာသီရောက်တော့ ကျောင်းယာယီအဆောက်အဦးတော့ လိုပါသေးတယ်။"

မမောက်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ရွာမြေတွေအထိပါ ပင်လယ်ရေတွေ ဝင်ရောက်ကာ ကမ်းပြိုခဲ့တာဖြစ်ပြီး ကျေးရွာရဲ့ ၃ ပုံ ၂ ပုံ ကမ်းပြိုတဲ့အထဲ ပါသွားတာကြောင့် အခုတိုင်းအစိုးရအဖွဲ့က ကဝမြို့နယ် ဝဲပတန်ကျေးရွာမှာ မြေနေရာ အစားထိုးပေးထားတာ ဖြစ်ပါတယ်။

အဲဒီကျေးရွာမှာ အိမ်ခြေ ၄ဝဝ ကျော်နဲ့ လူဦးရေ ၂၈၀၀ ကျော်နေထိုင်ကြတာဖြစ်ပြီး လက်ရှိပြောင်းရွှေ့တဲ့နေရာမှာ အိမ်ခြေ ၂ဝဝ နီးပါး ပြန်ဆောက်ကြမှာဖြစ်ပါတယ်။

ကျန်တဲ့လူတွေက ကမ်းပြိုတဲ့အထဲမပါသေးတဲ့ ရွာအနောက်ခြမ်းမှာ နေထိုင်နေကြဆဲဖြစ်သလို မြို့ပေါ် ကို ပြောင်းရွှေ့နေထိုင်ကြသူတွေနဲ့ တချို့က ရေလုပ်သားတွေဖြစ်တဲ့အတွက် ရေနဲ့နီးတဲ့နေရာတွေ ကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ပြောင်းရွှေ့နေကြရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေဖြစ်နေပြီး သောက်သုံးရေ အခက်အခဲတွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။