သိမ်းဆည်းယာမြေတွေ အတွက် တောင်သူတွေ ကို လျော်ကြေးပေးအပ်


2016.01.11
farmers-620.jpg လယ်သမားတစ်ဦး လယ်ထွန်နေစဉ်
Photo: RFA

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုမှာ ကောင်းမြန်မာအောင်ကုမ္ပဏီက ကျွန်းစိုက်ဖို့အတွက် သိမ်းထားတဲ့ ယာမြေဧက ၂၅၀၀ နီးပါးထဲက ဧက ၅၀၀ ကျော်အတွက် နစ်နာကြေး ပေးအပ်ပြီး ကျန်တဲ့ဧက ၁၈၀၀ ကျော်ကို တောင်သူတွေထံ ပြန်လည်အပ်နှံလိုက်ပါတယ်။

ဧက ၅၀၀ ကျော်အတွက် တစ်ဧက ကို ငွေကျပ် ၃သိန်းနှုန်းနဲ့ တွက်ပေးတာဖြစ်ပြီး ကျန်တဲ့ ဧက ၁၈၀၀ကျော်ကို ပိုင်ဆိုင်မှုအထောက်အထားပြနိုင်တဲ့ တောင်သူတွေကို ပေးအပ်တာဖြစ်တယ်လို့ သိမ်းယူခံထားရတဲ့ ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်ပေးတဲ့ တောင်ငူမြို့နယ် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖံ့ွဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စိုးမိုးက ပြောပါတယ်။

"ကုမ္ပဏီကနေပြီးတော့ စိုက်ပျိုးထားတဲ့မြေတွေပေါ့၊ ကုမ္ပဏီက ကျွန်းစိုက်ခင်းစိုက်တယ်၊ အားလုံးပေါင်းက ဧက ၂၄ဝဝ လေ၊ စွန့်လွှတ်မြေ ပြန်လည်ပေးအပ်ပွဲနဲ့ နစ်နာကြေးထပ်ပေးတယ်ဆိုပြီး နှစ်ခုလုပ်တာပေါ့"

အဲဒီယာမြေဧက ၂၅၀၀နီးပါး ကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ကောင်းမြန်မာအောင်ကုမ္ပဏီထံ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုကော်မတီက လုပ်ပိုင်ခွင့်ချပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကလည်း တစ်ဧကကို ငွေကျပ် ၅သောင်း၊ ကျပ်တစ်သိန်းခွဲ စတဲ့နှုန်းထားတွေနဲ့ တောင်သူတွေထံ ကုမ္ပဏီက နစ်နာကြေးပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီယာမြေတွေမှာ ဒေသခံတောင်သူတွေက ရာသီအလိုက် ပဲ၊ နှမ်းနဲ့ နှစ်ရှည်သီးနှံတွေဖြစ်တဲ့ ငှက်ပျောနဲ့ ကွမ်းသီး စတဲ့သီးနှံတွေကို စိုက်ပျိုးတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖံ့ွဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးကျော်စိုးမိုးကို RFA သတင်းထောက် မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။