တစ်နှစ်အတွင်း မြေပြိုကျမှု ကမ်းပါးပြိုကျမှု အကြိမ်ရေ ၅၄၀ ကျော် ဖြစ်ပွား

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြစ်ကမ်းပါးပြိုကျမှု နဲ့ မြေပြိုကျမှု အကြိမ်ရေ ၅၄၀ ကျော် ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပေါ်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝရွာမှာ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျနေတာကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြစ်ကမ်းပါးပြိုကျမှု နဲ့ မြေပြိုကျမှု အကြိမ်ရေ ၅၄၀ ကျော် ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပေါ်ခဲ့ပါတယ်။

မြစ်ကမ်းပါးပြိုကျမှုတွေများလာတဲ့အတွက် သီးသန့်စာရင်းပြုစုပြီး အကူအညီတွေပေးတာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"ဟိုးအရင်တုန်းကဆိုရင် ဒီကမ်းပြိုတွေက သိပ်မဖြစ်ဘူး။ အမတို့မှာ ဘေးအမျိုးအစားခွဲတာက မီး၊ ရေ၊ လေ အခြားအဲလိုမျိုးပဲ ခွဲတယ်လေ။ မီးဆိုရင်တော့ မီးဘယ်နှစ်ကြိမ် တစ်နှစ်လုံးမှာ ရေဆို ရေဘယ်နှစ်ကြိမ်ပေါ်တယ်။ ဒီကမ်းပြိုတွေဆို အမတို့က အခြားဆိုတဲ့အထဲပဲ ထည့်တာ။ အခြားထဲမှာဆိုရင် ငလျင်တို့၊ ကမ်းပြိုတို့ ဓါတ်လိုက် တို့ မိုးကြိုးတို့ အဲလိုမျိုးတွေထည့်တာ။ အခုမှသာ ဒါများလာလို့ ခွဲထုတ်လိုက်တာ။ ဟိုးအရင်တုန်းကတော့ စားရင်းမရှိဘူး။ စာရင်းမရှိဘူးဆိုတာ အခြားထဲမှာရှိတယ်။ ပြီးခဲ့တဲ့နှစ်မှသာ များလာလို့ အမတို့က ခွဲထုတ် လိုက်တာ"

ဧရာဝတီမြစ်ကြောင်းတလျှောက် ကမ်းပါးပြိုကျမှုတွေ အများဆုံးဖြစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြိမ်ရေ ၂၆၀ ကျော်၊ မကွေးတိုင်းအတွင်း ၁၃၀ ကျော်၊ စစ်ကိုင်းတိုင်းအတွင်း ၅၀ ကျော်၊ ပဲခူးတိုင်းအတွင်း ၄၀ ကျော် နဲ့ ရန်ကုန်တိုင်းအတွင်း ၁၀ ကြိမ်ထက်မနည်း ကမ်းပါးပြိုမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကမ်းပါးပြိုမှု အဖြစ်များဆုံး ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာဆိုရင် ငသိုင်းချောင်း၊ ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ရေကြည်၊ လေးမျက်နှာ စတဲ့ မြို့နယ်တွေမှာ ဖြစ်ခဲ့တာပါ။

မိုးတွင်းကာလမှာ မြစ်ကမ်းပါးပြိုကျမှုတွေ အများဆုံးဖြစ်ပြီး ပြိုကျပျက်စီးမှုတွေမဖြစ်ခင် ပြောင်းရွှေ့ဖို့ သတိပေး ကြေညာတာ၊ ပြောင်းရွှေ့စားရိတ်ပေးတာနဲ့ နေအိမ်ပြန်ဆောက်ဖို့ ကူညီတာတွေကို လူကယ်ပြန်ဝန်ကြီးဌာနက ဆောင်ရွက်ပေးတယ်လို့ ပြောပါတယ်။

မြစ်ကမ်းပါး ပြန်လည်ပြုပြင်ရေးအတွက် အစိုးရဝန်ကြီးဌာနတွေအပြင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ် နေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံကိုလည်း တင်ပြထားပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးများတာကြောင့် ရေဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း မြေပြိုကျတာတွေကြောင့် လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။