မြေပြိုကျနိုင်တဲ့ နေရာတွေ ထုတ်ပြောဖို့ အခက်အခဲရှိကြောင်း ပြည်နယ်ဝန်ကြီးပြော


2019.09.21
paung-landslide-622.jpg မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်က မလတ်တောင်ကို ၂၀၁၉၊ သြဂုတ် ၁၃ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကျင်းပတဲ့ စက်တင်ဘာ ၁၉ ရက်မှာ ပေါင်မြို့နယ် မလတ်တောင် မြေပြိုတာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက မြေပြိုနိုင်ချေရှိတဲ့နေရာ ၂၁ ခု ရှိတယ်လို့ ပညာရှင်တွေက တင်ပြထားတဲ့အကြောင်း၊ နေရာအတိအကျပြောရင် ပြည်သူတွေ စိုးရိမ်မှုပိုလာနိုင်ကြောင်း  ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က မွန်ပြည်နယ် မလတ်တောင် မြေပြိုတာကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ပြီးနောက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ ဘူမိဗေဒကျွမ်းကျင်ပညာရှင်တွေက ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ အဲဒီပညာရှင်တွေက မြေပြိုနိုင်တဲ့နေရာ ၂၁ ခု တွေ့ရှိထားတာပါ။

အစိုးရက မပြောရင် ဒေသခံတွေ ပိုအန္တရာယ်များနိုင်တယ်လို့  ဦးဇော်ဇော်ထူးက ယူဆပါတယ်။

"မြေပြိုနိုင်တဲ့ ၂၁ နေရာကို ထပ်ဆင့်မေးတဲ့အခါကျတော့ လူထုတွေ အထိတ်တလန့်ဖြစ်မှာစိုးလို့ ဖြေကြားနိုင်ခြင်း မရှိဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေးမယ်လို့ ဖြေသွားတာပေါ့နော်။ ကျနော်က ထပ်ဆင့်မေးပါတယ်။ ဒါကို မဖော်ပြလို့ရှိရင် ဘယ်သူတွေအန္တရာယ်ရှိနိုင်လဲလို့ ထပ်မေးတဲ့အခါကျတော့လည်း အဲဒါကိုလည်း ထပ်ဖြေတာမရှိဘူး။ နောက် တောင်ကြောတစ်လျှောက်မှာ ပြတ်ရွေ့ကြောတွေ တွေ့တယ်လို့လည်း ဖြေတယ်။ ပြတ်ရွေ့ကြောတွေရှိတဲ့ အတွက် ကျောက်မိုင်းတွေနဲ့ ဆက်စပ်သလားလို့လည်း မေးတာကိုလည်း ဖြေကြားတာမရှိဘူး"

အဲဒီလို လူထုကို မပြောဘူးဆိုတာဟာ လူထုကို မလေးစားရာရောက်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နေသူ ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။

"အရင်ခေတ်ကလည်း လူတွေ ဟိုဟာဖြစ်မယ်၊ ဒီဟာဖြစ်မယ်ဆိုပြီး ပြောပြတာမရှိဘူး။ ပြည်သူတွေကို မလေးစားရာရောက်တယ်လို့ ယူဆတာပေါ့။ ထုတ်ဖော်မပြောဘူးဆိုတာက သူက ပညာရှင်လည်းမဟုတ်ဘူး။ ဒါပေမဲ့ ဟိုကပြောထားတဲ့ဟာကိုတော့ အားလုံးသိအောင် ပြောပြရမယ်။ တစ်ယောက်နဲ့တစ်ယောက် မလေးစားဘူး။ မယုံကြည်ဘူး၊ အစိုးရက မပြောဘူး၊ ဒါဘဲလား ၊ ကျန်တဲ့ဟာလည်း မပြောဘူးလားဆိုပြီး အစိုးရကို ယူဆရင် ဘယ်လိုလုပ်မလဲ"

မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အဲဒီလိုပြောကြားချက်ဟာ လူမှုကွန်ရက်မှာ ဒီနေ့မနက်ပိုင်းက တော်တော် ပျံ့နှံ့လာတာကို တွေ့ရပါတယ်။ အဲဒီလို စိုးရိမ်လို့ မပြောတာကြောင့် ကိုယ်နေတဲ့နေရာဟာ မြေပြိုနိုင်တဲ့နေရာလား၊ အဲဒီနေရာနဲ့ လွတ်ကင်းရဲ့လားဆိုပြီး ပူပန်လာကြသူတွေလည်း ရှိပါတယ်။

ဒါ့ကြောင့် အခု မပြောနိုင်ရင်တောင် နောက်ပိုင်းမှာ ပြောပြပေးဖို့ မျှော်လင့်တယ်လို့ ပေါင်မြို့နယ် ဒေသခံ ဦးတင်ဦးက ပြောပါတယ်။

ဘယ်နေရာကတော့ ဘယ်လောက်အတိုင်းတာထိ အန္တရာယ်ရှိတယ်ဆိုတာ ပြည်သူတွေအကုန်လုံးကို ထဲထဲဝင်ဝင်သိအောင် ဖြန့်ဝေပေးရင်တော့ ဒီအန္တရာယ်ကို ကာကွယ်နိုင်မယ်လို့ တွက်တာပေါ့နော်

"ဖြစ်ပေါ်နေတဲ့ အခြေအနေအရဆိုရင် လူတွေက မြေပြိုမှုနဲ့ ပတ်သက်ပြီး ထိတ်လန့်နေတာရှိတယ်လေ။ ကျန်တဲ့ နေရာ ၂၁ ခုလည်း အန္တရာယ်ရှိတဲ့နေရာလို့ သတ်မှတ်တဲ့အတွက် စိုးရိမ်ထိတ်လန့်မှုကတော့ ရှိတာပေါ့။ ဘယ်နေရာကတော့ ဘယ်လောက်အတိုင်းတာထိ အန္တရာယ်ရှိတယ်ဆိုတာ ပြည်သူတွေအကုန်လုံးကို ထဲထဲဝင်ဝင်သိအောင် ဖြန့်ဝေပေး ရင်တော့ ဒီအန္တရာယ်ကို ကာကွယ်နိုင်မယ်လို့ တွက်တာပေါ့ နော်။ မသိဘဲနေကြတဲ့ ပြည်သူတွေအများကြီးပဲ"

အဲဒီလို ဒေသခံတွေအတွက် အန္တရာယ်အပြင် ပေါင်မြို့နယ်ကို ဖြတ်သန်းသွားလာတဲ့ ခရီးသွားတွေအတွက်လည်း အန္တရာယ်ရှိတယ်လို့ မွန်လူငယ်တစ်ယောက်ဖြစ်တဲ့ မိအားချိုင်က ပြောပါတယ်။

"ကြုံတွေ့ရမယ့်ဟာက ကဏ္ဍမျိုးစုံရှိတယ်။ ဒေသခံတွေရဲ့အန္တရာယ်၊ နောက်တစ်ခုက ကားလမ်းဘေးမှာ တောင်တွေရှိတယ်။ ဒါတွေက ဘယ်လောက်အန္တရာယ်ရှိနိုင်တယ်၊ ဘယ်လောက်အဆင့် ရှိနိုင်တယ်ဆိုတာကို ထုတ်မပြောရင် ခရီးသွားလာနေတဲ့ သူတွေအတွက်လည်း အန္တရာယ်တွေရှိနိုင်တယ်"

ပေါင်မြို့နယ်အတွင်း မြေပြိုတာတွေဟာ ကျောက်မိုင်းလုပ်ငန်းခွင်တွေကနေ နေ့စဉ်လိုလို ဖောက်ခွဲနေတဲ့ မိုင်းတွေရဲ့ တုန်ခါမှုတွေကြောင့် ဖြစ်ပေါ်လာတာလို့လည်း ပညာရှင်တချို့က သုံးသပ်ပါတယ်။ ပေါင်မြို့နယ်မှာ လမ်းခင်းကျောက် ထုတ်လုပ်တဲ့ ကျောက်မိုင်းပေါင်း ၂၃ ခုရှိတယ်လို့လည်း သိရပါတယ်။

မလတ်တောင် မြေပြိုကျမှုဖြစ်ခဲ့တဲ့နေရာမှာ နေထိုင်ခဲ့သူတွေကို အဲ့ဒီနေရာမှာ ပြန်လည်နေရာချမပေးတော့ဘဲ အစားထိုးနေရာချပေးသွားမယ်လို့ အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။

နောက်ထပ် မြေပြိုနိုင်တဲ့နေရာတွေနဲ့၊ ပြတ်ရွေ့ကြောတွေ ဖြစ်ရတဲ့အကြောင်းအရာတွေ၊ ပြတ်ရွေ့ကြောတွေဟာ ကျောက်မိုင်းတွေနဲ့ ဆက်စပ်မှု ရှိမရှိဆိုတဲ့ မေးခွန်းတွေကို ထုတ်ဖော်ပြောကြားဖို့ စာရေးသားပြီး မေးမြန်းသွားမယ်လို့လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောပါတယ်ရှင်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။