လက်ပန်းတောင်းတောင် သပိတ်စခန်း ၄ ခုအထိ တိုးချဲ့ဖွင့်လိုက်ပြီ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကို ကန့်ကွက် ဆန္ဒပြနေတဲ့ ဒေသခံတွေဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သပိတ်စခန်း (၄) ခုအထိဖွင့်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။

ဒီကနေ့မှာတော့ လက်ပန်းတောင်းတောင်ခြေ သပိတ်စခန်းကနေ ညောင်ပင်ကြီးရွာအထိ သံဃာတော်တွေနဲ့ ဒေသခံလူထု (၇၀၀)ကျော်ဟာ လက်ပန်းတောင်းတောင် မပျောက်ကွယ်ရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်လို့ ဒီအရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် ကျောင်းသားများအဖွဲ့မှ တာဝန်ခံ ကိုသောင်းထိုက်က ပြောပါတယ်။

လက်ပန်းတောင်းတောင်ခြေမှာ နိုဝင်ဘာလ (၁၇)ရက်နေ့က သပိတ်စခန်း(၂)ခု ဖွင့်လှစ်ထားရှိပြီး ဒီကနေ့မှာတော့ လက်ပန်းတောင်းတောင်ပေါ်မှာ နောက်ထပ် သပိတ်စခန်း(၂)ခု ထပ်မံဖွင့်လှစ်ခဲ့တာပါ။

တောင်ပေါ်က အသစ်ထပ်ဖွင့်တဲ့ သပိတ်စခန်း(၂)ခုကို စားစရာတွေ ပို့ခွင့်မရဘဲ ဒေသခံအာဏာပိုင်တွေက လမ်းမှာ တားဆီးဟန့်တားတာတွေရှိတယ်လို့ သိရပါတယ်။ ဒီအရေးကို နေ့ရောညပါ ဆန္ဒပြနေကြပေမယ့် ဦးပိုင် ကုမ္ပဏီဘက်က အခုထက်ထိ ဖြေရှင်းဆောင်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများအဖွဲ့က တာဝန်ခံ ကိုသောင်းထိုက်ကို RFA ဝိုင်းတော်သူ မအိအိခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။

အသံဖိုင်နားထောင်ရန်

အသံဖိုင်ယူရန်။