လားရှိူးမြို့နယ်မှာ မူးယစ်ရောင်းဝယ်သူ ၄၆ ဦး ဖမ်းဆီး
2016.05.04
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့နယ် ဟတ်ကာကျေးရွာအနီးမှာ မေလ ၄ ရက်နေ့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတွေကို ရဲတပ်ဖွဲ့ ဖမ်းဆီးရမိစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စု ဟတ်ကာကျေးရွာအနီးမှာ မနက်က မူးယစ်ဆေး ဝါး ရောင်းဝယ်ဖောက်ကားနေတယ်ဆိုတဲ့ နေရာကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှာ မူယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူ ၄၆ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းမိထားသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လားရှိူးမြို့ပေါ်မှာ ညအချိန် ဓါးတွေနဲ့လိုက်လံခုတ်နေသူတွေ ဖြစ်နိုင် တယ်လို့ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ရုံးက ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
"ဒီတဝိုက်မှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့နေရာတွေ ရှိ မရှိ ကို ကျနော်တို့က လေ့လာပါတယ်၊ သတင်းပေးတွေ နဲ့ ဝင်ပြီးတော့ ထောက်လှမ်းခိုင်းပါတယ်၊ အဲ့နေရာက လူသူအရောက်ပေါက်လည်း နည်းပါတယ်၊ ကားတို့ ဆိုင်ကယ်တို့လည်း တက်ဖို့ခက်ပါတယ်၊ အဲ့နေရာမှာရှိတာကို သတင်းရတဲ့အတွက် အတည်ပြုပြီးမှလုပ်တာပါ၊ ဖမ်းမိတဲ့ဓါးတွေအရရော ကောက်ချက်ဆွဲချက်အရရော အသက်အရွယ်ပိုင်းအရ သုံးသပ်တဲ့အခါမှာ လားရှိူး မှာဖြစ်ခဲ့တဲ့ ဓါးခုတ်မှုနဲ့ ဆက်စပ်တယ်ဆိုတာ ပြောလို့ရပါတယ်ခင်ဗျ"
ရဲတပ်ဖွဲ့အနေနဲ့ဓါးခုတ်မှှုဖြစ်ပြီးနောက်ပိုင်း ထွက်ပြေးသူတွေကို လိုက်လံခြေရာခံရာကနေ မူးယစ်ဆေးဝါးတွေ ကို ရောင်းဝယ်နေတဲ့ စခန်းသဘောမျိုးရှိနေတာကို သိရှိရတာဖြစ်တယ်လို့လည်း ပြောပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၄၆ ဦးကို ဓါးအတိုအရှည် ၃၂ လက်၊ ဆိုင်ကယ် ၁၇စီး နဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။









