လားရှိုးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စံချိန်တင်မြင့်တက်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၂၀ ရက် မနေ့ကတစ်ရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့သူ ၁၆၀ ကျော်အထိ စံချိန်တင်တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ တခြားမြို့နယ်တွေကနေ တာဝန်အရ ပြောင်း လာတဲ့ ရဲတပ်ဖွဲ့ဝင် လေးဆယ်ကျော်လည်း ပါဝင်တယ်လို့ ပရဟိအဖွဲ့တွေက ပြောပါတယ်။

လားရှိုးမြို့မှာ ဇွန်လ ၈ ရက်နေ့ကစပြီး ကိုဗစ်လူနာတွေ စတင်တွေ့ရှိခဲ့တာကနေ တစ်လခွဲကျော်ကာလမှာ ကိုဗစ်ကြောင့် သေဆုံးသူတစ်ရာဝန်းကျင်ရှိခဲ့ပြီလို့ ပရဟိတအသင်းတွေက ပြောပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ ဒီကနေ့မှာ ရပ်ကွက်အလိုက်နေအိမ်တွေမှာ အသွားအလာကန့်သတ်ထားသူတွေ၊ ပိုးတွေ့ လူနာတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူဦးရေ နှစ်ရာနီးပါးတို့ရဲ့ နှာခေါင်းတို့ပတ် နမူနာတွေကို စစ်ဆေးနေပါတယ်။

လားရှိုးမြို့မှာ ဆေးရုံကိုအရေးပေါ်လာရောက်သူတွေကို တစ်ခါသုံး Test Kit နဲ့ အရင်စစ်ဆေးပြီး နေအိမ် တွေမှာ အသွားအလာကန့်သတ်နေထိုင်ရသူတွေကိုတော့ သူ့ရက်အလိုက် နှာခေါင်း၊ အာခေါင် တို့ပတ်နမူနာ ယူပြီး စစ်ဆေးပေးနေတယ်လို့ ဆိုပါတယ်။

အရင်က ဒီလိုစစ်ဆေးမှုတွေကို လားရှိုးမိုးကုတ်ဝိပဿနာကျောင်းမှာ ဆောင်ရွက်ပေးတာကနေ ဒီကနေ့က စပြီး လားရှိုးမြို့ မိုးလုံလေလုံအားကစားကွင်းမှာ ပြောင်းရွှေ့စစ်ဆေးပေးနေကာ ပိုးတွေ့လူနာတွေကို လားရှိုး ပညာရေးကောလိပ်မှာ ကုသဆောင်၊ လားရှိုးဆေးရုံကြီး စတဲ့နေရာတွေမှာ ကုသပေးနေတာပါ။

ဇူလိုင်လ ၂၀ ရက်နေ့အထိ ပိုးတွေ့လူနာ တစ်ထောင့်သုံးရာနီးပါရှိခဲ့ပြီး ရောဂါသက်သာလို့ ဆေးရုံကနေ ဆင်းခွင့်ရသူ ခုနှစ်ရာကျော်ရှိတယ်လို့ ဆိုပါတယ်။