လားရှိုး ဗုံးကွဲမှု ၂ ဦးသေ ၂၂ ဦး ဒဏ်ရာရ

2018-02-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လားရှိုးမြို့ လမ်းမတော်လမ်းက ရိုးမဘဏ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လားရှိုးမြို့ လမ်းမတော်လမ်းက ရိုးမဘဏ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့က ရိုးမဘဏ်ဘေးမှာ ဗုဒ္ဓဟူးနေ့ညနေ ၄ နာရီခွဲခန့်က မိုင်းဗုံးတစ်လုံးပေါက်ကွဲလို့ ၂ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရခဲ့သူတွေကို သွားရောက်ကူညီခဲ့တဲ့ လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ဝင် ကိုထွန်းမြင့်က " ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်မှာ ဗုံးပေါက်တယ်ဆိုတော့ ကျနော်တို့ လူငယ်တွေကို ချက်ချင်းခေါ်ပြီး တက်လာပါတယ်၊ ကျနော်တို့ အပေါ်ထပ်တွေ တက်ပြီးရှင်းတယ်၊ ရတဲ့လူနာကို ကားပေါ်တင် ပြီး ဆေးရုံးပို့လိုက်တယ်၊ ရိုးမဘဏ်က ရစရာမရှိဘူး အကုန်လုံးပြိုကုန်ပြီဗျာ၊ ဗုံးကွဲတယ်ထင်တာပဲ၊ ကလေးတွေလည်း ရှင်းပြီးရင် ပြန်ဆင်းခိုင်းလိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ ဘဏ်ဖြစ်တဲ့ အတွက် ငွေရေးကြေးရေးများရှိနေတော့ ရှုပ်မှာစိုးလို့ ကျနော်တို့လူငယ်တွေကို ပြန်ပြီးဆင်းခိုင်းပါတယ်၊ လူနာ ၆ ယောက်လောက်ကို ကျနော်တို့ပို့တယ်၊ အရေးကြီးတဲ့ လူနာကို ခွဲစိတ်ဆောင်ကိုပို့ပေးတယ်" လို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ရိုးမဘဏ်အနီးရှိ ဧရာဝတီဘဏ်နဲ့ ပြည်နယ်ကျန်းမာရေးမှူးရုံးအပါအဝင် တခြားအဆောက်အဦး တချို့လည်း ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီး ၂ ဦးဖြစ်ကြတဲ့ အသက် ၄၈ နှစ်ရှိ မစန္ဒာထွန်းနဲ့ အသက် ၃၉ နှစ်ရှိ မမော်မော် တို့ ၂ ဦး လုံးဟာ ရိုးမဘဏ်ဝန်ထမ်းတွေဖြစ်ကြပြီး ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦး ပါဝင်ကြောင်း နဲ့ အဲဒီ မိုင်းဗုံးဟာ သောင်းကျန်းသူအဖွဲ့တဖွဲ့က ထောင်ထားခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းလဲဆိုတာကိုတော့ စိစစ်ဆဲပဲလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီဗုံးကွဲမှုမှာ နိုင်ငံခြားသတင်းဌာနအများစုကလည်း ဒဏ်ရာရသူဦးရေ ၂ဝ ကျော်တယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ အစိုးရပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ဒဏ်ရာရသူ ၁၁ ဦး ရှိတယ်လို့ပဲ ဖေါ်ပြထားပါတယ်။

အခု ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တစ်စုံတရာ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့