ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးတွေနေရာရွှေ့ပြောင်း

ကံသာ
2020.04.21

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ လားရှိုးမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ မှာ လူစုလူဝေး မဖြစ်ရအောင် ခြောက်ပေအကွာကနေ ဝယ်ယူရောင်းချနိုင်ဖို့ နေရာရွှေ့ပြောင်းနေပါတယ်။ အပြောင်းအလဲကြောင့် ဈေးသည်တွေမှာ အခက်အခဲတွေရှိသလို နေရာချထားပေးရတဲ့ စည်ပင်ဝန်ထမ်းတွေလည်း ရွေးချယ်စရာနေရာ ရှားပါးတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် ဧပြီလ ၁၉ ရက်နေ့ကစပြီး လားရှိုးမြို့က ပျံကျဈေးတွေမှာ ခြောက်ပေအကွာကနေ ရောင်းချနိုင်ရေး ဆောင်ရွက်နေတယ်လို့ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန ဦးစီးအရာရှိ ဦးထိန်လင်းက ပြောပါတယ်။

အစိုးရက လူစုလူဝေး မလုပ်ကြဖို့ ညွှန်ကြားချက်တွေ ထုတ်နေပေမယ့် နေ့စဉ်မနက်နဲ့ ညနေဈေးတွေမှာ လူတွေစည်ကားနေတာကြောင့် အခုလို ပြောင်းလဲရတာလို့လည်း ဆိုပါတယ်။

ဈေးနေရာရွှေ့ပြောင်းမှုမှာ ရှမ်းပြည်မြောက်ပိုင်းဒေသ တချို့မြို့တွေမှာ မြေနေရာရှိတဲ့အတွက် စနစ်တကျစီစဉ်လို့ ရပေမယ့် နေရာရှားပါးတဲ့ မြို့တွေမှာတော့ ဈေးသည်တွေအတွက် နေရာ စီစဉ်ပေးရတာ ခက်ခဲနေပါတယ်။

ဈေးသည်တွေကို နေရာသစ်မှာရောင်းချခွင့်ရနိုင်ဖို့ စည်ပင်သာယာဌာနက ဆိုင်နေရာတွေကို မဲနှိုက်ပြီး ရွေးချယ် ပေးတာပါ။ ဈေးရောင်းချတာမှာလည်း ပျံကျရောင်းတဲ့သူတွေကို မနက်ပိုင်းနဲ့ ညနေပိုင်းခွဲပြီး အချိန်သတ်မှတ်ပေး ထားပါတယ်။

ဈေးရောင်းရတာ အဆင်မပြေကြဘူးလို့ ကုန်စိမ်းရောင်းတဲ့ မကရင်မက ပြောပါတယ်။

ဈေးတွေရွှေ့ပြောင်းဖို့ ဆောင်ရွက်တာမှာ ဈေးသည်တွေနဲ့ စည်ပင်တာဝန်ရှိသူတွေကြားမှာ အချေအတင် ပြောဆိုရတာတွေလည်း ရှိပါတယ်။

စည်ပင်က သတ်မှတ်ပေးတဲ့နေရာတွေဟာ ပျံကျဈေးသည်အချို့အတွက်တော့ သူတို့ရောင်းကုန်တွေကို အပြည့်ခင်းဖို့ခက်ပါတယ်။ မိုးရွာရင် တချို့နေရာတွေမှာ ဈေးရောင်းဖို့ မဖြစ်နိုင်တာကို တွေ့ရပါတယ်။ ဈေးသည်တွေကတော့ ဈေးရောင်းချတာမှာ အပူဒဏ်ကာကွယ်ဖို့ ယာယီထီးတွေကိုသာ အသုံးပြုနေကြသလို ဈေးရောင်းချိန်ပြည့်ရင်လည်း ပစ္စည်းတွေအားလုံးကို အရင်ဈေးအဟောင်းမှာလို ထားခဲ့လို့မရဘဲ နေအိမ်ကို ပြန်လည်သိမ်းဆည်း သယ်ဆောင်သွားရတဲ့ အလုပ်ပိုတွေရှိလာတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

စည်ပင်က အခုလိုဆောင်ရွက်လိုက်တဲ့အတွက် ဝယ်ယူရတာ အဆင်ပြေသလိုရှိပေမယ့် ဈေးရောင်းတဲ့ နေရာတွေကို သန့်ရှင်းအောင်လုပ်ပေးစေချင်တယ်လို့ ဈေးဝယ်သူတစ်ဦးဖြစ်တဲ့ ဦးခင်ဇော်က ပြောပါတယ်။

သင်္ကြန်ကာလအတွင်း ပိတ်ထားတဲ့ လားရှိုးမြို့မဈေးကြီးကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး အဝင်အထွက် နေရာ သတ်မှတ်တာ၊ ဝင်ပေါက်တွေမှာ ဈေးရောင်းသူ၊ ဝယ်သူတွေကို ကိုယ်အပူချိန်တိုင်းတာတွေ လုပ်ဆောင်နေပါ တယ်။ ဈေးဆိုင်တွေအားလုံးတော့ ဖွင့်လှစ်တာ မရှိသေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်းက တခြားမြို့နယ်တွေမှာဆိုရင်လည်း မူလဖွင့်လှစ်ထားတဲ့ ဗဟိုဈေးတွေကို ပိတ်တာမရှိသလို လူစုလူဝေးဖြစ်စေတဲ့ ဈေးတွေကို ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်တဲ့ ကာလအထိ အစိုးရရဲ့ ညွှန်ကြားချက်တွေ ထပ်မံမထုတ်ပြန်မချင်း အခုလိုပဲ ရောင်းချသွားရမယ့် အခြေအနေ ရှိပါတယ်။ ရောဂါထိန်းချုပ်နိုင်သွားပြီး အခြေ အနေတွေ ပုံမှန်ဖြစ်သွားရင်တော့ မူလနေရာတွေမှာ ပြန်လည်ရောင်းချခွင့်ပြုသွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။