လားရှိုး နောင်မွန်ရဲကင်းစခန်း တိုက်ခိုက်ခံရမှု ၁၄ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

2021-04-10
Share
လားရှိုး နောင်မွန်ရဲကင်းစခန်း တိုက်ခိုက်ခံရမှု ၁၄ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA, AA, MNDAA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Arakan Army

ရှမ်းပြည်နယ် လားရှိုး-သီပေါလမ်းပေါ်က နောင်မွန်ရွာရဲကင်းစခန်းကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဒီမနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲကင်းစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ AA ရက္ခိုင့်တပ်တော်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ မနက် ငါးနာရီလောက်ကနေ ခုနှစ်နာရီလောက်အထိ သေနတ်သံတွေ ကြားနေရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နောင်မွန်ရွာသားတစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဲစခန်းအိမ်ထောင်သည် လိုင်းခန်းတွေလည်း မီးလောင်သွားတယ်လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကိုတော့ ပရဟိတအဖွဲ့က လားရှိုးကို သယ်ဆောင်လာခဲ့ ပါတယ်။

TNLA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ ဖုန်းလိုင်းအခက်အခဲကြောင့် နောင်မွန်ရွာ ရဲကင်း စခန်း တိုက်ခိုက်မှုသတင်း အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

နေ့လယ်မှာလည်း လားရှိုးအထွက် တန့်ယန်းလမ်းခွဲအနီးက ခါးသျှိရွာမှာလည်း တိုက်ပွဲဆက်ဖြစ်ခဲ့ တာကြောင့် စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ ပျံသန်းနေတာ တွေ့ရတယ်လို့ တန့်ယန်းလမ်းခွဲအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

နောင်မွန်ရွာရဲကင်းစခန်း ဒီမနက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း လားရှိုးမြို့ အဝင်အထွက်ကို တင်းကျပ်ထားသလို၊ မြို့တော်ခန်းမအနီးမှာလည်း ဒီနေ့လယ်က ကားတွေနဲ့ဆိုင်ကယ်တွေကို ရဲနဲ့စစ်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့တာပါ။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်လ အပစ်အခတ်ရပ်စဲရေးကို မတ်လ ၃၁ ရက်နေ့အထိ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ကြေညာခဲ့ပေမယ့် နောက်ထပ် အပစ်ရပ်ကြောင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီရဲ့လုပ်ရပ်တွေအပေါ် အခြေခံပြီး အပစ်ရပ်ကာလ သက်တမ်း တိုး၊ မတိုး ပြန်သုံးသပ်မယ် လို့သာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့