ရွာသားငါးဦးကို ဝမ်ပေါင်ကုမ္ပဏီ အမှုရုတ်သိမ်းပေး
2014.05.22
ဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်းနှစ်ဦးကို မေလ ၁၈ရက်နေ့ က ဖမ်းဆီးသူတွေကို ပြန်ပေးဆွဲတဲ့အမှုနဲ့ တရားရုံးကို ဆင့်ခေါ်ထားသူ ဒေသခံ ၇ ဦးအနက် တရားရုံးကို လာရောက်သူ ၅ ဦးကို နှစ်နိုင်ငံချစ်ကြည်ရေးအရ ဦးပိုင်ကုမ္ပဏီက အမှုရုတ်သိမ်းပေးလိုက်ပြီး တရားရုံးကို မလာရောက်သူ နှစ်ဦးကိုတော့ တရားခံပြေးအဖြစ် အမှုဖွင့်ထားတယ်လို့ လက်ပံတောင်းရှိ ညောင်ပင်ကြီး စခန်းမှူးက RFA ကိုပြောပါတယ်။
ပြန်ပေးဆွဲတဲ့ အမှုနဲ့ တရားရုံးကို ဆင့်ခေါ်ထားသူ ၇ ဦးအနက် ၅ ဦး ဒီကနေ့ ခရိုင်တရားသူကြီးရုံးကို လာရောက်ခဲ့တာဖြစ်ပါတယ်။ လာရောက်သူ ဆည်တဲရွာသူ မရီရီဝင်းက ခုလိုပြောပါတယ်။
"ကြမ်းတမ်းဖမ်းဆီးတာလည်း မဟုတ်ဘူး၊ နှိပ်စက်တာလည်း မဟုတ်ဘူး၊ ကျမတို့ မောင်လိုနှမလို ကိုယ်ချင်းစာစိတ်နဲ့ ရွာကိုခေါ်လာတယ်၊ အေးအေးဆေးဆေးနဲ့ လွှတ်ပေးရုံတင်မကဘူး ဝမ်ပေါင်ထဲအထိအောင် ပို့ဆောင်ပေးတဲ့အတွက်ဆိုပြီး သူတို့ကဒီအမှုကို ပေါ့လျော့ပေးလိုက်တယ်တဲ့၊ သူတို့က အိမ်နီးချင်းမျက်နှာလည်း မပျက်ချင်လို့ပါတဲ့၊ ချစ်ကြည်ရေးပုံစံမျိုးနဲ့ ဒီအမှုကို ရုပ်သိမ်းပေးလိုက်တဲ့ပုံစံမျိုး ပြောတာပါ"
တရားရုံးက ဆင့်ခေါ်ထားသူတွေအနက် မိုးကြိုးပြင်ရွာက ကိုဝင်းဌေးက ကျန်းမာရေးအရ မလာရောက် နိုင်သလို ဒေသခံတွေကို အကူအညီပေးနေသူ မခင်ဖြူထွေးကတော့ ခရီးလွန်နေတာကြောင့် လာရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ သူတို့ နှစ်ဦးကို ပုဒ်မ ၃၆၄ နဲ့ ၃၆၈ အရ တရားခံပြေး သတ်မှတ်ထားတယ်လို့ ညောင်ပင်ကြီး ရဲစခန်းမှူး ရဲအုပ် မျိုးညွန့်က RFA ကို ပြောပါတယ်။
ဒီအတောအတွင်း မနေ့က မေလ ၁၇ ရက်နေ့ကလည်း ဝမ်ပေါင်ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဒေသခံဘွဲ့ရအလုပ် သမားများက လစာတိုးပေးရေးအတွက် ဆန္ဒပြကြပါတယ်။ လစာ အမေရိကန် ဒေါ်လာ ၁၂၀ပေးတာကို ၂၄၀ ပေးဖို့ တိုးတောင်းတာဖြစ်ပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုဘိုဝင်းက တရုတ်အလုပ်သမားတွေကို ပေးတဲ့လစာ နဲ့ မြန်မာတွေကို ပေးတဲ့လစာ ကွာခြားလွန်းလို့ ခုလိုဆန္ဒပြ တာဖြစ်တယ်လို့ ပြောပါတယ်။