တရုတ်ဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲ ခဲ့တာမဟုတ်ကြောင်း ရှင်းလင်း


2014.05.22
lpt-press-305.jpg ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ မေလ ၂၂ ရက်နေ့က လက်ပံတောင်းကျေးရွာသားတွေ သတင်းစာ ရှင်းလင်းစဉ်
Photo: Sann Maw Aung/RFA

ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ဝန်ထမ်း ၂ ဦးကို မိမိတို့   ပြန်ပေးဆွဲခဲ့တာမဟုတ်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတဝိုက် က ကျေးရွာသားတွေက ဒီနေ့  သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။

ဒီနေ့  ရန်ကုန်မြို့   မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆည်တဲရွာသူ မနွယ်နွယ်ဝင်းက အခုလို ပြောပါတယ်။

"ဒါကတော့ တရုတ်နှစ်ယောက်ကို ဖမ်းထားတဲ့ အကြောင်းရင်းက သူတို့ကဖြေရှင်းမှုလည်းမပေးဘူး၊ ထပ်မံပြီးတော့ တိုးချဲ့တာပေ့ါနော်၊ ဘာဖြစ်လို့ တိုးချဲ့တာလဲဆိုတော့ သူတို့အထက်လူကြီးတွေက ခိုင်းလို့လုပ်တာပေ့ါနော်၊ အဲဒါဆိုရင် သူတို့ရဲ့အထက် အကြီးအကဲပေါ့ တိုးချဲ့တဲ့အကြောင်းရင်း အဲဒါတွေ ကိုပေ့ါနော် ဆွေးနွေးတိုင်ပင်ညှိနှိုင်းဖို့ ဒေသခံတွေ ကခေါ်တယ်"

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဆည်တဲရွာနဲ့ တုံရွာကြားက မြေယာတွေအနားကို ရောက်လာတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသားနှစ်ဦးနဲ့ မြန်မာနိုင်ငံသား ကားမောင်းသမားတစ်ဦးကို ဆည်တဲရွာသားတွေက ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။ ဖမ်းဆီးပြီးနောက် သိပ်မကြာခင်မှာပဲ ကားသမားကို ပြန်လွှတ်ပေးလိုက်ပြီး တရုတ်နိုင်ငံသား နှစ်ဦး ကို မေလ ၁၉ရက်နေ့မှာ စစ်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆည်တဲရွာသားတွေ ဆွေးနွေးညှိနှိုင်းအပြီး ပြန် လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီတရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဆည်တဲရွာသား ၇ ဦးကို ဆားလင်းကြီးမြို့နယ်ရဲစခန်းက အမှုဖွင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။