ရေနံချက်စက်ရုံစီမံကိန်း ရုပ်သိမ်းရေး လောင်းလုံဒေသ ခံတွေ တောင်းဆို ဆန္ဒပြ


2014.04.29
dawei-petrol-factory-305 ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာအုပ်စုမှာ တည်ဆောက်မယ့် ရေနံချက်စက်ရုံကို အလိုမရှိကြောင်း ညင်းမော်ကျေးရွာအုပ်စုက ဒေသခံ ၃၀၀ လောက်က ဧပြီလ ၂၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံ မြို့နယ် ညင်းမော်ကျေးရွာအုပ်စုမှာ တည်ဆောက် မယ့် ရေနံချက်စက်ရုံကို အလိုမရှိကြောင်း ညင်းမော်ကျေးရွာအုပ်စုက ဒေသခံ ၃၀၀ လောက်က ဒီနေ့ လောင်းလုံမြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီရေနံချက်စက်ရုံ တည်ဆောက်လိုက်မယ်ဆိုရင် ရေ နဲ့လေထု ညစ်ညမ်းလာပြီး ရေချိုရှားပါးလာမှာကို စိုးရိမ် တဲ့အတွက် ကန့်ကွက်တာဖြစ်ကြောင်း ဒီနေ့ ဆန္ဒပြရာ မှာပါဝင်တဲ့ အောက်ရေဖြူကျေးရွာက ဦးမောင်မောင်အေးက ပြောပါတယ်။

"ကျနော်တို့ တွင်းရေလေးတွေနဲ့ မှီခိုပြီးနေတာ ၊ ရေချို က နည်းနည်းပဲ ကျန်တော့တယ်၊ အဲဒီရေချို ပျက်စီးမယ့်ကိစ္စ ကျနော်တို့ လက်မခံနိုင်ဘူး၊ ပြီးတော့ မီးခိုး လေထုညစ်ညမ်းမှုကလည်း အဲဒီ လိုပဲ၊ ဒီစွန့်ပစ်ပစ္စည်းက အမှုန်အမွှားတွေက လေနဲ့အတူ လွင့်ပြီးတော့ ကျနော်တို့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါမျိုးစုံခံစားရမယ်၊ နောက်ထပ်လည်း ဒီ့ထက်ဆက် တိုးလာပြီဆိုရင် ကျနော် တို့ တန်ဖိုးမြင့်တဲ့ရေ မရရတဲ့နည်းနဲ့ ကျနော်တို့ကာသွားမယ်"

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာအုပ်စု၊ ယင်းဘုတ်နဲ့ ဂေါအင်းကျေးရွာတွေ မှာ ရေနံချက်စက်ရုံ တည်ဆောက်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီရေနံချက်စက်ရုံကို စီးပွားရေးဦးပိုင်လီမီတက်၊ ထူးကုမ္ပဏီများအုပ်စုနဲ့ တရုတ်နိုင်ငံ Guangdong Zhenrong Energy Com., Ltd (GDZR) ကုမ္ပဏီတို့က ပူးပေါင်းတည်ဆောက်မှာဖြစ်ပြီး တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅သန်းချက်လုပ်နိုင်မယ့် စက်ရုံဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
အဲ့ဒီစက်ရုံစီမံကိန်းဧရိယာဟာ ဧက ၁သောင်းကျော်အကျယ်အဝန်းရှိပြီး စီမံကိန်းဧရိယာထဲရှိနေတဲ့ ညင်းမော်ကျေးရွာအုပ်စု ယင်းဘုတ်နဲ့ ဂေါအင်းကျေးရွာက အိမ်ခြေ ၁၀၀ ကျော်ကို ပြောင်းရွှေ့နေရာချထားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ လောင်းလုံမြို့နယ် အောက်ရေဖြူ၊ ညင်းမော်၊ ဂေါအင်း၊ စစ်ပြဲ၊ ကထောက်နီ စတဲ့ ကျေးရွာတွေ က ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ကြပြီး လောင်းလုံ-ကျောက်နီမော်ကားလမ်းအတိုင်း လောင်းလုံမြို့အထွက် အထိ နှစ်နာရီနီးပါးကြာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။