တရားရုံးချုပ်ရှေ့နေများကောင်စီ ဥပဒေမူကြမ်းကို လွှတ်တော်ထံ တင်သွင်းဖို့ပြင်ဆင်

2018-03-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာတစ်နိုင်ငံလုံးက ရှေ့နေအသင်းတွေရဲ့ သဘောထားကောက်ခံပြီး တရားရုံးချုပ်ရှေ့နေများကောင်စီ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်ဥပဒေကြမ်းကော်မတီကတဆင့် လွှတ်တော်ထံ မတ်လအတွင်း တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။

တရားရုံးချုပ်ရှေ့နေများ ကောင်စီဥပဒေကို ပြင်ဆင်နိုင်မယ်ဆိုရင် တရားဥပဒေစိုးမိုးရေးအတွက် တရားလွှတ်တော် ရှေ့နေတွေ ပိုမိုလုပ်ကိုင်လာနိုင်မှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေးအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။

"အခုက ကျနော်တို့က ဘယ်လိုဖြစ်လဲဆိုတော့ တရားလိုရှေ့နေကျတော့ အုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်တယ်လေ။ အုပ်ချုပ်ရေးပိုင်းကလည်း ကျနော်တို့ ဖိအားတွေခံရတယ်။ နောက်ပြီး တရားရေးက တရားသူကြီးရဲ့ ဖိအားတွေ ကျနော်တို့ ခံရတယ်။ ခံတဲ့အခါကျတော့ ကျနော်တို့ လုပ်ပိုင်ခွင့်တွေရှိတယ်။ ရှိပေမယ့် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ဖို့က လည်း လိုအပ်တယ်။ တဖက်ကနေပြီးတော့ တရားရုံးကို မထီမဲ့မြင် ပြုပါတယ်ဆိုပြီးတော့ စွပ်စွဲပြီးတော့ အပြစ် ပေးတာတွေ၊ ခုနပြောသလို တစ်ခုခု တရားစီရင်ရေး နှောင့်ယှက်တယ်၊ တရားသူကြီးကို ကလန်ကဆန်ပြော တယ်ဆိုပြီးတော့ ပြစ်မှုနဲ့အရေးယူတာတွေ ဘယ်သူက ကာကွယ်ပေးမလဲ။ အခုက တော်တော်များများကိုက တခြားအမှုတွေမှာပါ တရားရုံးနဲ့ တရားသူကြီးနဲ့ ရှေ့နေတွေနဲ့ ထိပ်တိုက်တွေ့နေတာတွေ၊ အဆင်မပြေတာတွေ၊ ပြောရဆိုရတာတွေ အများကြီးရှိတယ်။ ခုလောလောဆယ်က ရှေ့နေများကောင်စီက ဘာမှလုပ်မပေးတဲ့ အခါကျတော့ အခြေအနေတွေက ပိုပိုပြီးတော့ တရားသူကြီးနဲ့ ရှေ့နေနဲ့ ဆက်ဆံရေးက ပိုပိုပြီးတော့ ယိုယွင်းလာတယ်ပေါ့"

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က စစ်အာဏာရှင်တွေကို အကျိုးပြုဖို့အတွက် ၁၉၈၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ တရားရုံးချုပ်ရှေ့နေများကောင်စီဥပဒေကို အသစ်ပြဌာန်းလိုက်ပြီး ကောင်စီမှာ ပါဝင်တဲ့ လူတွေကို ပြောင်းလဲလိုက်တဲ့အတွက် တရားဥပဒေစိုးမိုးရေးနဲ့ တရားလွှတ်တော် ရှေ့နေတွေအတွက် အကာအကွယ်မဲ့ခဲ့တာ နှစ် ၃၀ နီးပါးရှိနေပြီလို့ ဆိုပါတယ်။

ကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ ရှေ့နေချုပ်ရုံးက ၃ ဦး၊ တရားရေးက ၈ ဦး ပါဝင်တာ ဖြစ်ပြီး ရှေ့နေတွေလိုလားတဲ့ ရှေ့နေစစ်စစ် မပါဝင်တဲ့အတွက် ရှေ့နေတွေကို ထိထိရောက်ရောက် အကာအကွယ်မပေးထားဘူးလို့ ပြောပါတယ်။

jပင်ဆင်ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းမှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်မှာ ဖြစ်ပြီး ရှေ့နေချုပ်ရုံးက ၁ ဦး၊ တရားရေးက ၄ ဦးနဲ့ ကျန်တဲ့ ၁၀ ဦးကိုတော့ မြန်မာနိုင်ငံ ရှေ့နေအားလုံးက ရွေးကောက်ပွဲ စနစ်နဲ့ ရွေးကောက်တင်မြှောက်သွားမှာ ဖြစ်တယ်လို့ ဦးကျော်ဟိုးက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့