လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ

ကသာမြို့ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့ အသရေဖျက်မှု နဲ့တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့ ဇူလိုင်လ ၃၀ ရက်နေ့မှာ စတင်ကြားနာမဲ့ အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။

2012.07.29
snap-shot-b305 လျှပ်တစ်ပြက် ဂျာနယ်၏ မျက်နှာဖုံး တစိတ်တပိုင်းပုံ ဖြစ်ပါသည်။
RFA

"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အသရေဖျက်မှုနဲ့ အရေးယူပေးပါရန်ဆိုပြီး ဦးတိုက်လျှောက်လိုက်တာ ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် တရားသူကြီးက အမှုကို လက်ခံလိုက်ပြီပေါ့နော်။ လက်ခံလိုက်ပြီးတော့ ၃၀ ရက်နေ့မှာ ချိန်းပါတယ်။"

ဒါ့အပြင် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ဆောင်းပါးရှင် ဟာဂျူလီ (ကသာ) တို့ ကိုလည်း တရားမကြောင်းနဲ့ စွဲဆိုထားတယ်လို့သိရပါတယ်။

လျှပ်တစ်ပြက် ဂျာနယ် ဥပဒေ အကျိုးဆောင် ဖြစ်သူ ဦးသိန်းသန်းဦးက ဒီအမှုကိစ္စနဲ့ ပတ်သက်လို့  အခုလို အတည်ပြုပြောဆိုပါတယ်

"ဟာဂျူလီ (ကသာ) တယောက်ထဲကို ပြစ်မှုဆိုင်ရာ တရားရုံးမှာ ပုဒ်မ ၅၀၀ နဲ့ စွဲတယ်။ ဦးတိုက်လျှောက်ထားတာပေါ့ဗျာ။ အဲဒါကို လက်ခံလိုက်တယ်။ အဲဒါကို ဟာဂျူလီကတော့ ဖြေရှင်းရတော့မှာပေါ့။ နောက် ကိုမြတ်ခိုင်နဲ့ ဟာဂျူလီ နှစ်ယောက်ပေါင်းပြီးတော့ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ က နစ်နာကြေး ငွေ သိန်း ၅ ထောင် ရလိုမှု ဆိုပြီးတော့ ကသာခရိုင် တရားရုံးမှာ စွဲတာ။ အဲဒါကတော့ တရားမမှုပေါ့ဗျာ။"

နစ်နာကြေးငွေ သိန်းငါးထောင် ရလိုမှုနဲ့ စွဲဆိုတဲ့ တရားမမှုကို သြဂုတ်လ ကိုးရက်နေ့ကသာခရိုင် တရားရုံးမှာ စတင် စစ်ဆေးမယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။