နေရပ်ပြန်မယ့် ရိုဟင်ဂျာစာရင်း မြန်မာကို ဘင်္ဂလားဒေ့ရှ် ပေးအပ်

2018-02-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan တို့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan တို့ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: AP

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan အဆာဒူဇားမန် ခန် က မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မြန်မာပြည်ပြန်မယ့် ရိုဟင်ဂျာမွတ်စလင် ၈ဝ၃၂ ဦးရဲ့ အမည်စာရင်းတွေ မနေ့က ပေးအပ်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြား ဒုက္ခသည်စခန်းတွေကနေ မြန်မာနိုင်ငံကို ၂ နိုင်ငံ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ သွားရောက်ကြမယ့် အဲဒီ မွတ်စလင်တွေဟာ အိမ်ထောင်စု ၁၆၇၃ ခု က ဖြစ်ပြီး သူတို့ထဲက ပထမဆုံး အသုတ်အဖြစ် လူ ၆၅ဝဝ ကို နောက်အပတ် အင်္ဂါနေ့မှာ မြန်မာအစိုးရဖက်က လက်ခံမယ်လို့လည်း သိရပါတယ်။

မနှစ်က သြဂုတ်လ ပဋိပက္ခတွေနောက်ပိုင်း ရခိုင်ပြည်နယ်က ထွက်ပြေးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသ က နယ်ခြားဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်တဲ့ မွတ်စလင်ဦးရေ ၇ သိန်းနီးပါးရှိပြီး သူတို့ကို အမြန်ဆုံးပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို ပြောကြားနေပါတယ်။

ဒီအတောအတွင်းမှာပဲ ကနေဒါ အစိုးရက ရခိုင်ပြည်နယ်မှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာ မွတ်စလင်တွေ ကို လူမျိုးတုံး ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့မှုအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုး အပေါ် ပိတ်ဆို့အရေးယူမှုတွေ သောကြာနေ့ မနေ့က ချမှတ်လိုက်ပါတယ်။

အဲဒီ အရေးယူမှုအရ ဗိုလ်ချုပ် မောင်မောင်စိုး ပိုင်ဆိုင်ပစ္စည်းတွေ ကနေဒါနိုင်ငံမှာ ရှိရင် သိမ်းဆည်းမှာဖြစ်သလို သူနဲ့ စီးပွားရေးအရ ဆက်ဆံမှုတွေကို တားဆီးလိုက်ပြီး ကနေဒါ ပြည်ဝင်ခွင့်လည်း ပိတ်ပင်လိုက်ပါတယ်။ ကနေဒါမှာ သူပိုင်တဲ့ ပစ္စည်းဥစ္စာ ရှိ မရှိကိုတော့ မသိရပါဘူး။ ဗိုလ်ချုပ် မောင်မောင်စိုး အပေါ် အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အလားတူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

အခုလို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ကြောင်း မနေ့က ကြေညာတဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Chrystia Freeland ခရစ်တီးယား ဖရီးလန်း က လူသားအဖြစ် ရှင်သန်မှုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကို ကနေဒါနိုင်ငံက လက်ခံနှုတ်ပိတ်နေမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို လူမဆန်ရက်စက်မှု ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ မုချ အရေးယူရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့