သတ္တုလုပ်ကွက်လျှောက်ထားမှုကို ဒေသခံနဲ့ ပါတီတချို့ ကန့်ကွက်

2018-01-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို တွေ့ရစဉ်
ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်မှာ ကုမ္ပဏီတစ်ခုက မြေဧက တစ်သိန်းခွဲကျော်မှာ ရွှေတူးဖော်ဖို့ အတွက် လုပ်ကွက်လျှောက်ထားတာကို ဒေသခံတွေနဲ့ ပါတီတချို့က မနေ့က တွေ့ဆုံပွဲမှာ ကန့်ကွက်လိုက်ပါတယ်။

မိုင်းဖြတ်မြို့ရဲ့ ဧရိယာဟာ ၅ သိန်းကျော်ပဲရှိတာကြောင့် ဧက ၁ သိန်းခွဲဆိုတာ အလွန်များတဲ့ပမာဏဖြစ်ပြီး ဘယ်နေရာမှာ တူးဖော်မယ်ဆိုတာတွေ မသိရတာကြောင့် ကန့်ကွက်တာဖြစ်တယ်လို့ မိုင်းဖြတ်မြို့နယ် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေပါတီက ဦးတာဝိတ်က ပြောပါတယ်။

"ကျနော်တို့ မိုင်းဖြတ်မြို့နယ် ဧရိယာက ငါးသိန်းလောက်ပဲရှိတဲ့ဟာကို အခုက မိုင်းဖြတ်က ၁ သိန်းနဲ့ ၆ ထောင်ကျော်လောက်ပါတယ်။ သူတို့ ရွှေတူးဖို့ပါခင်ဗျ၊ ဒါက မဖြစ်သင့်တဲ့ဟာ ဖြစ်သွားလို့ ကျနော်တို့ ကန့်ကွက် ကြတာပါ။ သူတို့က နေရာတိတိကျကျမပြောဘူး။ ၁သိန်းကျော်ကျော်လောက် ကွင်းကို လျှောက်ပြီးတော့မှ စမ်းသပ်မယ်ဆိုလို့ ကျနော်တို့က လက်မခံနိုင်ဘူး။ အဲဒါကြောင့်မို့လို့ ဘယ်နေရာဆိုတာ အတိကျမပြောပြဘူး။ ကျနော်တို့ကို အဲဒါကြောင့် ဒေသခံပြည်သူတွေက စိုးရိမ်စိတ်နဲ့ ဒါကို သူတို့ရဲ့ပိုင်ဆိုင်မှု၊ သူတို့ရဲ့ လယ်ယာမြေကို ပျက်စီးဆုံးရှုံးမှာစိုးလို့ ကန့်ကွက်တာဖြစ်ပါတယ်"

သြစတြေးလျနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက လုပ်ကွက်လျှောက်ထားတာနဲ့ပတ်သက်ပြီး ဒေသခံတွေ၊ နိုင်ငံရေး ပါတီတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေဟာ မနေ့က မိုင်းဖြတ်မြို့နယ် ဟိုနားကျေးရွာမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးက ဒေသခံတွေဘက်က ကန့်ကွက်မှုကို တင်ပြပေးမယ့်အကြောင်း ပြောသွားခဲ့တယ်လို့လည်း ပြောပါတယ်။

မိုင်းဖြတ်မြို့နယ်မှာ ကျေးရွာအုပ်စု ၂၄ ခုရှိပြီး ၁၃ အုပ်စုကတော့ ရွှေလုပ်ကွက်ထဲမှာ ပါနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့ကတွေ့ဆုံပွဲမှာ လုပ်ကွက်ထဲပါဝင်တယ်ဆိုတဲ့ ကျေးရွာ ၁၃ ခုက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၊ မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနဲ့ သစ်တောဦးစီးဌာနက တာဝန်ရှိ သူတွေ တက်ရောက်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့