တရုတ်စီမံကိန်း ဧရိယာက ဒေသခံတွေရဲ့ အခက်အခဲတွေ တရုတ်သမ္မတထံ တင်ပြလို

ဝေမာထွန်း
2020.01.15
shwe-gas-project-622.jpg ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ CNPC ရဲ့ အကောင်အထည်ဖော်နေတဲ့ ရွှေဂတ်စ်စီမံကိန်းကို တွေ့ရစဉ်
Photo: RFA

တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ အဓိကရင်းနှီးမြုပ်နှံတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ တရုတ်ရဲ့ လုပ်လက်စ စီမံကိန်းတွေ အများအပြားရှိသလို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေတဲ့ စီမံကိန်း တွေကလည်း အများအပြားရှိနေပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ အခုလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့ မြန်မာပြည်ခရီးစဉ်မှာ နိုင်ငံတော်သမ္မ တ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးသန့်စီတွေ့ဆုံဖို့ ရှိပေမယ့် မြန်မာပြည်တွင်း တရုတ်ကုမ္ပဏီတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်း ဧရိယာတွေကိုတော့ သမ္မတရှီက သွားရောက်ဖို့ မရှိပါဘူး။

ဒါပေမဲ့လို့ တရုတ်စီမံကိန်းဧရိယာအတွင်းက ဒေသခံတွေကတော့ တရုတ်သမ္မတ သိစေဖို့ တင်ပြလိုတဲ့ အကြောင်းအရာတွေ ရှိနေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တရုတ်ကုမ္ပဏီ ဝမ်ပေါင်နဲ့ မြန်မာရန်စီတို့ အကောင်အထည်ဖော် နေကြတဲ့ ကြေးနီစီမံကိန်း၊ တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း CITIC  က အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ ကချင်ပြည် နယ်အတွင်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အားရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း SPIC က အကောင်အထည် ဖော်ဖို့ရှိတဲ့ မြစ်ဆုံစီမံကိန်း ဧရိယာက ဒေသခံတွေကို တရုတ်သမ္မတထံ တင်ပြလိုတဲ့ အကြောင်းအရာတွေကို RFA က မေးကြည့်ခဲ့ပါတယ်။

“ကျနော်တို့ ကျေးရွာတွေက မြေအောက်ရေပျက်လို့ ပိုက်လိုင်းက ရေမပေးနိုင်တာ၊ ကုမ္ပဏီက လိုအပ်နေတာတွေဆို တချို့ဟာတွေ အစိုးရတောင်မသိဘူး။ သူတို့ဟာသူတို့ လုပ်သွားကြတာ။ အဓိက ဘယ်လိုကိစ္စတွေလည်းဆို သူတို့က တန်ပြည့်မှီဖို့အရေး၊ မြေယာတိုးချဲ့ဖို့အရေးတို့။ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်တွေ့ခံစားနေရတာ။ ကျနော်တို့ဆို ရန်စီကော၊ ဝမ်ပေါင်ကော၊ အဲဒီမှာ တကယ် ထိခိုက်နစ်နာတဲ့ လူတွေအပေါ်မှာ ပြေလည်အောင်မဖြေရှင်းဘဲ သူတို့အကျိုးစီးပွား တစ်ခု ရဖို့အတွက် လုပ်နေတာတွေကိုတော့ မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါတွေကို တရုတ်သမ္မတအနေနဲ့ သူ့နိုင်ငံက ကုမ္ပဏီတွေကို ပြောစေချင်တာပေါ့ဗျာ။”

ဒါက စပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီထုတ်လုပ်ရေး ဧရိယာဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာက ဒေသခံ ဦးတင့်အောင်စိုး ပြောသွားတာပါ။

ကြေးနီထုတ်လုပ်ရေး စီမံကိန်းတွေကြောင့် သူတို့ရွာဟာ မြေအောက်ရေပျက်စီးခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် အတွင်းက ကံကုန်း၊ ဒုံးတော၊ ဂုန်တော အစရှိတဲ့ ကျေးရွာတွေဟာ မြေအောက်ရေ ပျက်စီးမှုကြောင့် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲက သောက်သုံးရေ ရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီအခက်အခဲကို ဖြေရှင်းဖို့ ချင်းတွင်းမြစ်ရေကနေ ပိုက်လိုင်းဆွဲပြီး ရွာတွေကို သောက်သုံးရေပေးဖို့ ကုမ္ပဏီနဲ့ အစိုးရထံ ဒေသခံတွေက တောင်းဆိုထားပေမယ့် မရရှိသေးပါဘူး။

ကုမ္ပဏီက လိုအပ်တဲ့ ရေအတွက် ချင်းတွင်းမြစ်ကနေ ပိုက်လိုင်းဆွဲတာကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလ အတွင်းက ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့မှာလည်း ကချင်အရပ်ဘက်အဖွဲ့အစည်းတွေက သမ္မတရှီထံ မြစ်ဆုံရေကာတာကို အပြီးတိုင် ဖျတ်သိမ်း ပေးဖို့အိတ်ဖွင့် ပေးစာပေးပို့ခဲ့ပါတယ်။

အဲဒီစာမှာ ကချင်ပြည်နယ်မှာ တရုတ်စီမံကိန်းတွေဖြစ်တဲ့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဇုန်၊ မြစ်ကြီးနား စီးပွားရေးဇုန်စီမံကိန်းတွေအပြင် ကျောက်စိမ်းလုပ်ငန်း၊ တစ်သျှူးငှက်ပျောနဲ့ ကြံစိုက်ပျိုးမှု၊ မြေရှားသတ္တု တူးဖော်ရေး လုပ်ငန်းတွေရှိတယ်လို့ ရေးသားထားပါတယ်။

အဲဒီစီမံကိန်းတွေမှာ မြေယာပြဿနာတွေ၊ သဘာဝပတ်ဝန်းကျင် ပြဿနာတွေရှိသလို သမိုင်းဝင် နေရာတွေ ပျက်စီးပြီး ဒေသခံတွေရဲ့ တည်ရှိမှုတွေကို ခြိမ်းခြောက်တဲ့ အဖြစ်မျိုးတွေရှိနေတယ်လို့  ဖော်ပြထားပါတယ်။

ဒါတွေကို တရုတ်သမ္မတ သိစေလိုတယ်လို့ Kachin Development Networking Group ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မြစ်ကြီးနားဒေသခံ ဦးစာဂျီးက ပြောပါတယ်။

“ရပ်ရွာဒေသကို ဆိုးကျိုးဖြစ်မယ့် ထိခိုက်မယ့်ဟာတွေကို ရှောင်ရှားပေးပါ။ တခြားစီးပွားရေးဇုန်တွေ စက်မှုဇုန်တွေလုပ်တဲ့အခါ ကိုယ့်ရဲ့ အကျိုးစီးပွားတစ်ခုတည်းပဲ ထည့်သွင်းစဉ်းစားတာမဟုတ်ဘဲ မြန်မာနိုင်ငံ ပြည်သူပြည်သားကိုလည်း လူသားချင်း စာနာထောက်ထားဖို့ ကောင်းတယ်ပေါ့။”

ဒီစီမံကိန်းဧရိယာတွေက ဒေသခံတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ တရုတ်သမ္မတ ခရီးစဉ်အတွင်း သူတို့ လိုလားချက်တွေကို ဆန္ဒထုတ်ဖော်ဖို့ အစီစဉ်မရှိဘူးလို့ ပြောပါတယ်။

ကျောက်ဖြူဒေသခံ ဦးထွန်းကြည် ကလည်း တိုက်ပွဲတွေ လျော့ချရေးအတွက် တရုတ်သမ္မတအနေနဲ့ ကူညီ ဆောင်ရွက်ပေးသင့်ပြီး ရခိုင်ပြည်နယ် ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်သွားတဲ့အချိန်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်လို စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။

“ဒေသခံတွေကို ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ရေရေလည်လည် နားလည်နိုင်တဲ့ အခြေအနေမျိုး အစိုးရ ဘက်ကကော၊ ကုမ္ပဏီဘက်ကကော လာရောက်ရှင်းပြတာမရှိသေးဘူး။ ဒီစီမံကိန်းကို ရုတ်တရက် လက်မှတ်ရေးထိုးမယ် ဆိုတာကတော့ နည်းနည်း မြန်တယ်လို့ ကျနော်ကတော့ မြင်တယ်။ တရုတ်သမ္မတအနေနဲ့ ငြိမ်းချမ်းရေးကို ကူညီပေးသင့်တယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်တဲ့ အခြေအနေ ရောက်သွားပြီ။ ရခိုင်ပြည်နယ် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတဲ့ အခြေအနေရောက်သွားမှ အခုလို စီမံကိန်းတွေကို ဆက်ပြီးတော့ ဆွေးနွေးသင့်တယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။”

လက်တွေ့မှာတော့ ဦးထွန်းကြည်တို့ မျှော်လင့်သလို အခြေအနေက မဖြစ်နိုင်ပါဘူး။

မြန်မာအစိုးရဘက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အခုလ ၉ ရက်နေ့က တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ ခရီးစဉ်အတွင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်တဲ့ သဘောတူစာချုပ် နှစ်ခုအပါအဝင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တွေကို အစိုးရနဲ့ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ တရားဝင်ထုတ်ပြောထားပြီး ဖြစ်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနဲ့ တရုတ် နှစ်နိုင်ငံ မူဘောင် သဘောတူ လက်မှတ် ရေးထိုးခဲ့တာရှိပြီး အဲဒီမူဘောင် သဘောတူညီချက်ထဲမှာပါတဲ့ လုပ်ငန်း ခုနှစ်ခုထဲက နှစ်ခုကို တရုတ်သမ္မတနဲ့ လက်မှတ်ထိုးမှာ ဖြစ်တယ်လို့ ဒုတိယဝန်ကြီးက အခုလ ၉ ရက်နေ့မှာ  နေပြည်တော် က သတင်းထောက်တွေကို ပြောထားပါတယ်။

ဒါ့အပြင် ဆန်နဲ့ ဆန်ကွဲ တင်ပို့ရေး၊ ကျွဲနွားအရှင်တွေ တင်ပို့ရေးနဲ့ တစ်သျှူးငှက်ပျော တင်ပို့ရေး ကိစ္စတွေကိုပါ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကတော့ တရုတ်သမ္မတခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက် အကျိုးမြတ်  ကောင်းတွေရအောင် ဆောင်ရွက်နိုင်မယ်လို့ ပြောဆိုနေကြပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က သမ္မတရှီကျင်းဖျင်ရဲ့ ခရီးစဉ်မှာ ထိရောက်ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာဖို့  ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရုတ် - မြန်မာ ဆွေးနွေးပွဲ တစ်ခုမှာ ပြောသွားပါတယ်။

“သမ္မတရှီရဲ့ ခရီးစဉ်မှာ ထိရောက်ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ အများအပြား ထွက်ပေါ်လာစေရေးနဲ့ လှိုက်လှဲစွာ ကြိုဆိုရေးအတွက် ညှိနှိုင်းပေးနေတဲ့ ဌာနဖြစ်ပါတယ်။ မိမိတို့ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်စေရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဆင်းရဲမှု ပပျောက်စေရေး၊ နိုင်ငံစီးပွား ခေတ်မှီတိုးတက်ရေးတို့ကို အကောင်အထည် ဖော်ဆောင်ရာမှာ တရုတ်နိုင်ငံရဲ့ စိတ်ရင်းစေတနာ ကောင်းစွာ ပံ့ပိုးကူညီမှု နားလည်စာနာပေးမှု များစွာကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဆက်လက်ပြီးတော့ ကူညီပံ့ပိုးစေလိုပါတယ်။”

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်ကလည်း သမ္မတရှီရဲ့ ဒီခရီးစဉ်ကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမူနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာမှာ ဖြစ်သလို ကုန်သွယ်ရေး အပိုင်းမှာလည်း လက်ရှိထက် တိုးတက် လာမယ်လို့  ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အဓိက ရင်းနှီးမြုပ်နှံသူဖြစ်ပြီး တရုတ်နိုင်ငံစီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာတရုတ်နိုင်ငံရင်းနှီးမြုပ်နှံမှုဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၆၈၀ သန်း ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ အသစ် တည်ဆောက်မယ့် ရင်းနှီးမြုပ်နှံမှုမှာ သန်း ၄၇၇၀ စာချုပ်တန်ဖိုးရှိတယ်လို့ သိရပါ တယ်။

ဒေသခံတွေကတော့ တရုတ် - မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးစီမံကိန်းတွေမှာ ဒေသခံတွေရဲ့ သဘော တူညီချက်ဦးစွာရယူဖို့၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လေးစားဖို့၊ သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှု မရှိစေဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ တောင်းဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။