လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် မတ် ၁၇ ရက် နောက်ဆုံးထားရွှေ့ဖို့တောင်းဆို


2019.03.12
bogyoke-statue-kayah-622.jpg ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွေ့ရစဉ်
Photo: Thiha Tun/RFA
ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးဖို့ ကရင်နီပြည်လူငယ်အင်အားစုက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကယားပြည်နယ်အစိုးရအနေနဲ့ မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ရွှေ့ပြောင်းမပေးရင် မူလတောင်းဆိုချက်အတိုင်း ကြေးရုပ်တုဖြုတ်သိမ်းရေးနဲ့ ရွှေ့ပြောင်းရေးကို ဆက်လက် တောင်းဆိုသွား မှာဖြစ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက ကိုခွန်းသောမတ် က RFA ကို ပြောပါတယ်။

ပြည်နယ်အစိုးရနဲ့ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုအပေါ် ကန့်ကွက်သူတွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က နှစ်ဘက်သဘောတူညီမှုအရ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရခဲ့ပါဘူး။

ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ ကန့်ကွက်တဲ့ ကရင်နီပြည်လူငယ်အင်အားစု တို့တွေ့ဆုံညှိနှိုင်းပွဲမှာ ဗိုလ်ချုပ်ကြေးရုပ်ကို အစိုးရဆီ အပ်နှံထားပြီးဖြစ်ကြောင်း ကြေးရုပ်ရွှေ့ပြောင်းရေးနဲ့ ပတ်သက်လို့ အစိုးရနဲ့သာ သက်ဆိုင်ကြောင်း ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ မသက်ဆိုင်တော့ကြောင်း ကော်မတီဝင်တွေက ပြောကြားခဲ့ကြောင်း၊ ဒီနေ့ဟာ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ တွေ့ဆုံညှိနှိုင်းဖို့ သဘောတူခဲ့တာ တစ်လတိတိပြည့်တဲ့နေ့ဖြစ်ကြောင်း ကြေညာချက်မှာပါရှိပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြေးရုပ်ကို စပြီးအကောင်အထည်ဖော်ခဲ့တဲ့ ပြည်နယ်အစိုးရဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့အနေနဲ့ တာဝန်ယူ ဖြေရှင်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိမယ့်အပေါ် ကန့်ကွက်နေတဲ့ အချိန်ကစပြီး ကယားပြည်နယ်အစိုးရက ဒေသခံတွေရဲ့ တောင်းဆိုချက်အပေါ် အကြိမ်ကြိမ်လျစ်လျူရှုပြီး ဗိုလ်ချုပ်ကြေးရုပ်ကို အတင်းအဓမ္မတည်ဆောက်ခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ ဗိုလ်ချုပ်ကြေးရုပ်တု ဖြုတ်သိမ်းရေးကိစ္စကိုလည်း တာဝန်ယူ တာဝန်ခံ ဖြေရှင်းပေးမှုမရှိဘဲ ခေါင်းရှောင်နေ တာကို ပြင်းထန်စွာရှုတ်ချကြောင်း ကရင်နီပြည်လူငယ်အင်အားစုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ထားရှိတာကို ကန့်ကွက်မှုတချို့ရှိနေတဲ့ကြားက ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန် ပန်းခြံထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စိုက်ထူခဲ့ပြီး ၂ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့တာပါတယ်။ အဲဒီနောက် ကန့်ကွက်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြသူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။