အဖွဲ့ဝင် ၈ဦးပါ ဗိုလ်ချုပ်ကြေးရုပ် ပြောင်းရွှေ့ရေးကော်မတီ ဖွဲ့စည်း
2019.05.07
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွေ့ရစဉ်
ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန် ပန်းခြံထဲမှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြောင်းရွှေ့ရေး ကိစ္စ အကောင်အထည်ဖော်ညှိနှိုင်းရေးကော်မတီကို အဖွဲ့ဝင် ၈ ဦးနဲ့ ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ Famous Hotel မှာ ကယားပြည်နယ် အစိုးရအဖွဲ့နဲ့ ကရင်နီလူငယ်အင်အားစုတွေ ဆွေးနွေးရာမှာ ဗိုလ်ချုပ်ကြေးရုပ် ပြောင်းရွှေ့ရေးကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားညှိနှိုင်းဖို့နဲ့ ကော်မတီဖွဲ့ဖို့ သဘောတူခဲ့တာဖြစ်ကြောင်း ကရင်နီလူငယ်အင်အားစုက ခွန်သောမတ်က RFA ကို ပြောပါတယ်။
အဲဒီကော်မတီမှာ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ဘာသာရေးခေါင်းဆောင် ၂ ဦး၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့က ဦးထွန်းကျော်၊ ကယန်းအမျိုးသားပါတီက ၁ ဦးနဲ့ အရပ်ဘက်အဖွဲ့အစည်းက ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ကော်မတီဖွဲ့စည်းလိုက်တာနဲ့ မေလ ၃၀ ရက်နေ့ နောက်ဆုံးထားညှိနှိုင်းဖို့ သဘောတူခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။
ဒီနေ့ ဆွေးနွေးပွဲဖွင့်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က တာဝန်ရှိသူတွေ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့က အဖွဲ့ဝင်တွေလည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
NRPC ဘက်ကတော့ ဦးဇော်ဌေးက ဆွေးနွေးပွဲမှာ နည်းလမ်း ၃ ခုကို အကြံပြုတင်ပြခဲ့ပြီး ပထမအချက်အနေနဲ့ ပင်လုံစာချုပ်မှာပါတဲ့အချက်တွေ အထောက်အထားပြည့်စုံ မှန်ကန်ရေးကို ပြည်နယ်အစိုးရက ကဗျည်းရေးထိုး အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ ဒုတိယအချက်အနေနဲ့ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ရုပ်ထုတွေ စိုက်ထူဖို့နဲ့ တတိယအချက်အနေနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးဖို့ ဆိုတဲ့အချက်တွေကို တင်ပြခဲ့ပါတယ်။ ညှိနှိုင်းဆွေးနွေးဖို့ဆိုရင် အချိန်လိုအပ်တယ်လို့လည်း ပြောပါတယ်။ ဆွေးနွေးတဲ့နေရာမှာ မိမိတို့တောင်းဆိုတဲ့ကိစ္စတွေကို ဆုပ်ကိုင်မထားဖို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကို ဆက်လက်ဆောင်ရွက်သွားဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။









