ပျောက်ဆုံး BGB တပ်ဖွဲ့ဝင် လွှဲပြောင်းပေးဖို့ မြန်မာကို ဘင်္ဂလားဒေ့်ရှ် တောင်းဆို


2014.05.30
bangladesh-border-boat-b305 ၂၀၁၂ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ချ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။
AFP

မြန်မာဘက်က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့်ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးကို လွှဲပြောင်းပေးအပ်ဖို့ ဘင်္ဂလားဒေ့်ရှ်အစိုးရက ဒီကနေ့ တောင်းဆိုလိုက်ပါ တယ်။

နယ်စပ်မှာကင်းလှည့်နေတဲ့ ဘင်္ဂလားဒေ့်ရှ်အစိုးရရဲ့ BGB နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၆) ဦးကို မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အခုလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ပစ်ခတ်ခဲ့ရာမှာ ပျောက်ဆုံးနေတဲ့ BGB တပ်ဖွဲ့ဝင်တစ်ဦးကို ပြန်လည်ပေးအပ်ဖို့ ဒါကာမြို့ မြန်မာသံရုံးက သံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေ ခေါ်ယူတွေ့ဆုံ ပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ပြော ခွင့်ရပုဂ္ဂိုလ် ဒုတိယ ရဲမှူးကြီးမင်းအောင်ကတော့ တွေ့ရှိရ တဲ့ အထောက်အထားတွေအရ အဲဒီပစ်ခတ်မှုဟာ BGB နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဖြစ်ပွားခဲ့တာမဟုတ်ဘဲ RSO ခေါ် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ ဖြစ်ပွားခဲ့တာလို့ ယူဆကြောင်း ပြောပါတယ်။

"အခု ကျနော်တို့ဘက်ခြမ်းကလည်း RSO က ပိုကျိန်းသေတယ်လို့ ပြောတယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့ပြန်ပြီးတော့မှ ကန့်ကွတ်ပြီးတော့မှ သူတို့ဆီက နယ်ခြားစောင့် BGB က ဖြစ်ပါတယ်လို့ ပြောနေ တယ်၊ ပြောတယ်ဆိုပေမဲ့ ကျနော်တို့ဆီကတော့ သူတို့ ဝင်လာတာတော့ ကျနော်တို့ နယ်ထဲကိုဝင်လာတယ်၊ ဝင်လာတဲ့အခါမှာ သူတို့ဆီမှာပါရမယ့် သက်မှတ်ချက်စည်းကမ်းပေါ့၊ အလံဆိုလည်း အလံပါလာရမယ်၊ အင်္ကျီဘတ်တံဆိပ်ဆိုလည်း ဘတ်တံဆိပ်ပါလာရမယ်၊ အခုဖြစ်တဲ့နှစ်ယောက်မှာတော့ သူတို့ပြောတဲ့ သတင်းအရတော့ ဘတ်တံဆိပ်တို့ဘာတို့ အဲ့လိုမျိုးဟာတွေ ပါမလာဘူးလို့ပြောတယ်၊ အလံတွေဘာတွေလည်း မပါလာဘူးလို့ပြောပါတယ် "

ပျောက်ဆုံးနေသူ BGB တပ်သားကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဒီဖြစ်ရပ်အပေါ် လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့်ရှ်အရာရှိတွေက တောင်းဆိုထားပါတယ်။သံအမတ်ကြီး ဦးမျိုးမြင့်သန်းကလည်း ဘင်္ဂလားဒေ့်ရှ်အာဏာပိုင်တွေရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ အစိုးရကိုတင်ပြပြီး အကြောင်းပြန်မယ်လို့ ပြောဆိုခဲ့ကြောင်း ဒါကာမြို့မှာ ဒီကနေ့ ထုတ်ဝေတဲ့ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယရဲမှူးကြီးမင်းအောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။