လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကန့်ကွက်ဆန္ဒပြပွဲတွေ ကျင်းပမယ်


2014.05.29

တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ မနက်နဲ့ညနေမှာ လက်ပံတောင်းတောင်ဒေသမှာရော ရန်ကုန်မြို့မှာပါပြုလုပ်ကြမယ် လို့သိရပါတယ်။

လက်ပံတောင်းမှာ မီးလောင်ဗုံးနဲ့ပစ်ခတ်နှိမ်နင်းခံရမှု ၁ နှစ်ခွဲပြည့်တဲ့နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲ ပြုလုပ်မှာဖြစ်တယ် လို့ဒေသခံဆရာတော် ဦးစန္ဒာသီရိက RFA ကို မိန့်ပါတယ်။

"ဒီနေ့ဟာဆို ဦးဇင်းတို့ ၁ နှစ်နဲ့ ၆ လမြောက်ပေါ့နော်၊ ဦးဇင်းတို့ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ ဒါအဲ့ဒီအကြောင်းကိစ္စတွေ ဦးဇင်းတို့ဒေသ အကြမ်းဖက်မှှုတွေ နောက်ထပ်မလုပ်အောင် ဆိုပြီးတော့ ဦးဇင်းတို့ ဒေသလူတွေ ငြိမ်းချမ်းအောင်လို့၊ ပြေလည်အောင်လို့ဆိုပြီး ဒါလူထုဆုတောင်းပွဲပုံစံနဲ့ လုပ်သွားမှာပေါ့"

ရန်ကုန်မှာပြုလုပ်မယ့် ဆန္ဒပြပွဲနဲ့ပတ်သက်လို့လဲ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်က ပြောပါ တယ်။

"၃ နာရီလောက်ကနေစမှာပေါ့နော်၊ မဟာဗန္ဓုလပန်းခြံကနေ ချီတက်ပြီးသွားမှာပေါ့နော်၊ အဲ့ဒီကနေ ပတ်ပြီးတော့မှ ဆူးလေပေါ်တက်ပြီးတော့ ကျနော်တို့ မီးရှှို့ခံရတဲ့ လက်ပံတောင်း ရဟန်းသံဃ၁တွေအတွက် ကျနော်တို့ ဆုတောင်းမှာပေါ့နော်၊ နောက်တော့လူတွေကိုလည်း ထိခိုက်နိုင်တဲ့ အခြေအနေဆိုး မျိုးတွေ နောက်နောင် မကြုံရအောင်ရယ်၊ ရည်စူးပြီတော့ ကျနော်တို့ ဆုတောင်းကြမှာပေါ့နော်"

ကြေးနီစီမံကိန်းကြောင့် ဒေသတွင်းမှာ ပုဒ်မ၁၄၄ထုတ်ခံထားရတာ၊ လျှော်ကြေးယူမထားတဲ့ လယ်မြေ တွေ သံဆူးကြိုး ခြံခတ် တားမြစ်ခံထားရတာအပြင်၊ ဆည်တဲ၊ ဇီးတော၊ ဝက်မှေးရွာတွေ ဖျက်သိမ်း ပြောင်းရွှေ့ခံရမယ့်ကိစ္စ နဲ့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါအချက်တွေကိုမလိုက်နာပဲ သာသနာ့ အဆောက်အဦးတွေ ကိုဖြိုချဖျက်ဆီးလိုက်ပြီး၊ စီမံကိန်းဆန့်ကျင်သူတွေကို ဖမ်းဆီးနေ တာတွေအတွက် ဆန္ဒပြမှာဖြစ်တယ်လို့သိရပါတယ်။

လက်ပံတောင်းတောင်ဒေသမှာ ဒီနေ့မနက်ဆန္ဒပြမယ့်ကိစ္စနဲ့ ဒေသရဲ့နောက်ဆုံးအခြေအနေတချို့ကို ဒေသခံဆရာတော် ဦးစန္ဒာသီရိကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။