လက်ပံတောင်း ဆန္ဒပြသူတွေ ဖွင့်ထားတဲ့ သပိတ်စခန်း မီးရှို့ခံရ


2017.12.22
lpt-622.jpg ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ လက်ပံတောင်းဒေသခံတွေ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆန္ဒပြစဉ်
Photo: Soe Lwin Oo Facebook

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြသူတွေဖွင့်ထားတဲ့  မိုးကြိုးပြင် သပိတ်စခန်းကို ဒီနေ့မနက်က မီးရှို့ဖျက်စီးခံလိုက်ရတယ်လို့ ဆားလင်းကြီးမြို့နယ်  တုံတောကျောင်းကျေးရွာက ဒေသခံတောင်သူ ဒေါ်စန်းနွဲ့ ကပြောပါတယ်။

သပိတ်စခန်းမှာ လူမရှိချိန် ဒီနေ့မနက် ၂ နာရီဝန်းကျင်လောက်က မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဘယ်သူတွေ ရှို့သွားတယ်ဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဒေါ်စန်းနွဲ့ကပြောပါတယ်။

"ခါတိုင်းဆိုရင် သပိတ်စခန်းမှာ အိပ်တဲ့သူတွေရှိတယ်။မနေ့ညကတော့ ဒေါ်ခင်ဝင်းရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ်အတွက်ကို ဒီလာတဲ့ ပရိတ်သတ်ကိုကျွေးမွေးဖို့ သူတို့ရွာသူရွာသားတွေက ထမင်း ဟင်းပြန်ချက်နေတဲ့အချိန်မှာ ၂ နာရီလောက်အချိန်မှာ သပိတ်စခန်းလူမရှိတဲ့အချိန်ကို သပိတ်စခန်းကို မီးရှို့သွားတာပါ၊ ဘယ်သူဘယ်ဝါ မီးရှို့တယ်ဆိုတာတော့မသိပါဘူး၊ သပိတ်စခန်းဖွင့်ထားတဲ့ တဲတစ်လုံးကတော့ လောင်သွားတာပေါ့"

မီးရှို့ခံရတဲ့ မိုးကြိုးပြင်အလယ်ရွာ သပိတ်စခန်းကို ဖွင့်ထားတာ ၃လကြာမြင့်ပြီဖြစ်ပြီး အခုလိုမီးရှို့မခံရခင်ကလည်း သပိတ်စခန်းမှာရှိတဲ့ တောင်းဆိုချက်တွေကို ဖော်ပြထားတဲ့ ဗီနိုင်းတွေ အလံတွေ ဖျက်စီးတာတွေလည်း ၃ ကြိမ်လောက်ရှိခဲ့တယ်လို့ ဒေါ်စန်းနွဲ့ ကပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ဒီနေ့ဟာ လက်ပံတောင်းတောင် ကြေနီးစီမံကိန်း ပဋိပက္ခမှာ သေနတ် မှန်သေဆုံးခဲ့တဲ့ ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ၃ နှစ်ပြည့်ဖြစ်လို့ ဒေါ်ခင်ဝင်းကို အောက်မေ့ဖွယ်ဝမ်းနည်းခြင်း အခမ်းအနားကိုလည်း မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းရဲ့ နေအိမ်ခြံဝန်းထဲမှာ ကျင်းပခဲ့ကြပါတယ်။

အခမ်းအနားမကျင်းပခင် မနက်ပိုင်းမှာ ကြေးနီစီမံကိန်း ဝမ်ပေါင်ရုံးရှေ့သွားရောက်ပြီး ဒေါ်ခင်ဝင်းကို သေနတ်နဲ့ ပစ်ခဲ့တဲ့တရားခံကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအချက်တွေကို မလိုက်နာတဲ့ ကုမ္ပဏီကိုအရေးယူပေးရေး စတာတွေကို   ဒေသခံအင်အား ၁၀၀ ဝန်းကျင်က  ဆန္ဒပြတောင်းဆိုခဲ့ကြပြီး လုံခြုံရေး ရဲတပ်ဖွဲ့က တားမြစ်ခဲ့ တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။