လျော်ကြေးမယူထားတဲ့ လက်ပံတောင်းဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေ


2017.02.14
lpt-620.JPG စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်မြေ သိမ်းဆည်းခံရပြီး လျော်ကြေးရယူထားခြင်းမရှိတဲ့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲရှိနေတာကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင် က အစိုးရ၊ လွှတ်တော်နဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ တက်ရောက်တဲ့ ညှိနှိုင်း ပေါင်းစပ်ဆုံးဖြတ်ရေးအဖွဲ့အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

နောက်ကျင်းပမယ့် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ပေး ဖို့ တောင်းဆိုလိုက်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင် က ပြောပါတယ်။

"ပြည်ထောင်စုအစိုးရရဲ့ Cabinet အဖွဲ့ဝင်တိုင်းဝန်ကြီးချုပ်က တစ်ခေါက်မှမလာတော့ ကျနော်တို့ ဘာမှလုပ်မရဘူး။ အဓိကကတော့ သူလာရမယ်လေ။ သူဆုံးဖြတ်ချက်ပေးရမယ်။ ဒီအခြေ အနေတွေ လေ့လာပြီးတော့ ကုမ္ပဏီ ဒါကတော့ ဘယ်လိုလုပ်ရမယ်။ တစ်လတစ်ခါခေါ်မှာပဲ။ ကျနော် တို့သဘောကတော့ Final decision maker ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ တိုင်းဝန်ကြီးချုပ်တို့ မတက်လို့ရှိရင် အဆင်မပြေပါဘူး။"

ညှိနှိုင်းပေါင်းစပ်ဆုံးဖြတ်ရေး အစည်းအဝေးကို ပုံမှန်လစဉ်ပြုလုပ်ဖို့ သဘောတူထားပြီး လွှတ်တော်ကိုယ်စား လှယ်တွေ၊ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ဝမ်ပေါင်၊ ယန်စီနဲ့ ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူတွေတက်ရောက် တာ ဖြစ်ပါတယ်။

မနေ့က ကျင်းပခဲ့တဲ့အစည်းအဝေးကို ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင်ကုမ္ပဏီရုံးမှာ ကျင်းပပြီး အစိုးရအဖွဲ့ဘက်က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေဘက်က နောင်ကျင်းပမယ့် ညှိနှိုင်းပေါင်းစပ်ဆုံးဖြတ်ရေးအဖွဲ့ အစည်းအဝေးတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျင်းပဖို့အတွက် သဘောထားပေးခဲ့တယ်လို့ ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း ခြံစည်းရိုးခတ်လိုက်တဲ့ လယ်ယာမြေ  ဧက ၄၀၀၀ ကျော် မှာ မြေယာလျော်ကြေးမယူသေးတဲ့ မြေဧကဟာ ၁၉၀၀ ကျော်ရှိနေပြီး ခြံစည်းရိုးပြင်ပက စီမံကိန်းဧရိယာ အတွင်းမှာ  လယ်မြေဧက ၇၀၀၀ ကျော်ပါဝင်ပြီး အဲဒီထဲမှာလည်း လျော်ကြေးမယူရသေးတဲ့ လယ်မြေတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။

လျော်ကြေးယူပြီးတဲ့ လယ်မြေတွေအတွက် ကုမ္ပဏီဘက်က လစဉ် ဒေါ်လာ ၇၀ ကနေ ၁၂၀ အထိ ထောက် ပံ့ကြေးပေးနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။