မဘသဆိုင်းဘုတ် မဖြုတ်တာတွေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က အရေးယူမည်


2017.07.17
mabatha-new-logo-620.jpg ကရင်ပြည်နယ်အတွင်း စိုက်ထူထားတဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Myo Chit (facebook)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အခုလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး အမျိုးဘာသာ သာသနာ ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ ညွှန်ကြားထားပေမယ့် ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာ ဆိုင်းဘုတ်မဖြုတ်သိမ်းတာတွေရှိနေတဲ့အပေါ် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေ ကနေတဆင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အရေးယူဆောင်ရွက်မှုတွေကို တိုင်းနဲ့ပြည်နယ်အစိုးရတွေက အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ် လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် ဖြစ်ရင် တည်ဆဲဥပဒေအရ ဆောင်ရွက်သွားမယ်ဆိုတာလည်း ပါရှိပြီးသားပါခင်ဗျ။ ဒါတွေဟာ အကောင် အထည်ဖော်ဖို့ဆိုရင် လုပ်ငန်းစဉ်က အများကြီးရှိပါတယ်ခင်ဗျ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက အကောင် အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

မနေ့က ကရင်ပြည်နယ်၊ ဘားအံမြို့သရက်တောကျောင်းတိုက်မုခ်ဦးမှာ စိုက်ထူထားတဲ့ မဘသ ဆိုင်းဘုတ်ဟာ ဟောင်းနွမ်းနေတဲ့အတွက် ဆိုင်းဘုတ်အသစ် တင်တဲ့အခမ်းအနားကို ကရင်ပြည်နယ်အတွင်းက ဂိုဏ်းပေါင်းစုံ သံဃာတော်တွေ၊ မဘသဆရာတော်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့က ပုဂ္ဂိုလ်တွေ တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာလည်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) ဆိုင်းဘုတ်ကို ဖျက်ဆီးမှာစိုးတာကြောင့် သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေက စောင့်ကြည့်မှုတွေရှိနေပါတယ်။

မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က တိုင်းအစိုးရအဖွဲ့က ညွှန်ကြား ချက်မရှိသေးတာကြောင့် လက်ရှိမှာအရေးယူဆောင်ရွက်ထားတာ မရှိသေးကြောင်း ပြောပါတယ်။

"မြို့ရဲ့အခြေအနေ အေးအေးဆေးဆေးပါ။ သူတို့ဘာသူတို့ စောင့်နေတာတော့ သူတို့ဘာသူတို့ စောင့်ကြ ပါစေပေါ့။ သူတို့တာဝန်သူတို့ယူတာပဲ။ အဲဒါကတော့ ကျနော်တို့ ဆုံးဖြတ်ချက်နဲ့ လုပ်လို့မရပါဘူး။ ကျနော်တို့ကို ဘာမှညွှန်ကြားချက် မလာသေးပါဘူး။ အစိုးရအဖွဲ့ကလည်း ဘာမှညွှန်ကြားချက်မလာသေး ပါဘူးခင်ဗျ။ ကျနော် တို့တော့ ရုံးမှာပဲ အေးအေးဆေးဆေးနေနေတာပါပဲဗျ"

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေမှာ နိုင်ငံတော်သံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာရင် မဟနရဲ့ဂုဏ်သိက္ခာ နဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက် မလွှဲမရှောင် သာဘဲ အာဏာစက်နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။