တောမီးငြှိမ်းရင်း ရွာသားသုံးယောက်သေဆုံး


2019.04.14
magway-fire-622.jpg မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ လိုင်ကျေးရွာအနီးမှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၁၃ ၇က်နေ့က တောမီးလောင်တာကြောင့် ဝိုင်းငြိမ်းရင်း သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရစဉ်
Photo credit - Citizen Journalist

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ လိုင်ကျေးရွာအနီးမှာ မနေ့က တောမီးလောင်တာကြောင့် ရွာထဲကို တောမီးမကူးစက်အောင် ဝိုင်းငြှိမ်းရင်း ရွာသားသုံးယောက် သေဆုံးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလွှေ က RFA ကို ပြောပါတယ်။

မနေ့က တောမီးလောင်မှုများတဲ့အပြင် လေပြင်းတိုက်တာကြောင့်  ရွာထဲ မီးကူးမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဝိုင်းငြှိမ်းကြရင်း လူ ၄ ယောက် တောမီးထဲ ပိတ်မိပြီး ၃ ယောက်ကတော့ မီးလောင်သေဆုံးခဲ့တာလို့ ပြောပါတယ်။

အသက်ရှင်ကျန်ခဲ့တဲ့ တစ်ယောက်ကိုလည်း ပဒါန်းမြို့နယ်ဆေးရုံကို လူမှုကူညီရေးအဖွဲ့တွေက ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

တောမီးကို လိုင်ရွာရဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ နောင်၊ ပစီ၊ ဂုတ်ကြီး စတဲ့ ကျေးရွာတွေအပါအဝင် ဒေသခံ ၂၀၀ လောက်ကလည်း ကူညီငြိမ်းသတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တောထဲမှာ ချက်ပြုတ်စားသောက်တဲ့ မီးကြွင်း၊ မီးကျန်တွေ၊ ဆေးလိပ်မီးတွေကနေတဆင့် တောမီးလောင်လေ့ရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ မဟူတောင်ပေါ်မှာ တောမီးကြောင့် ရွာသား ၃ ယောက် သေဆုံးခဲ့ပါတယ်။

ရာသီဥတုပူပြင်းမှု နောက်ဆက်တွဲအနေနဲ့ တောမီးလောင်တာကို သတိထားရမယ်လို့လည်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လအတွင်း တောမီးလောင်တာ၊ တောင်ယာမီးရှို့တာတွေကြောင့် မီးလောင်တဲ့နေရာပေါင်း ၃၂၀ လောက်ရှိပြီး အာဆီယံနိုင်ငံတွေထဲမှာ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်တယ်လို့လည်း ဒေါက်တာထွန်းလွင် က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။