မကွေးအစိုးရဟောင်းက ရန်ပုံငွေ ၁ ဘီလီယံကျော်ကို ပြည်ခိုင်ဖြိုး ပါတီအတွက် အသုံးပြုခဲ့ကြောင်း တွေ့ရှိ
2017.04.06

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းက ကောက်ယူထားပြီး အစိုးရသစ်ကို လွဲှပြောင်းမပေးဘဲ ပျောက်ဆုံးနေ တဲ့ ရေနံလက်ယက်တွင်း ရန်ပုံငွေ ၇ ဘီလီယံကျော်ထဲက ၁.၇ ဘီလီယံကို ပြည်ထာင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွက် အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စစ်ဆေးတွေ့ရှိချက်ထဲမှာ အဲဒီ ၇ ဘီလီယံကျော်ကို ဒေသဖွံ့ဖြိုးရေး၊ အသေးစားချေးငွေ လုပ်ငန်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် အသုံးပြုထားကြောင်း တွေ့ရှိရတယ်လို့ ဦးထွန်းထွန်းက ပြောပါတယ်။
"၇.၄၅၉ ဘီလီယံမှာ ၄.၁၈ ဘီလီယံကျော်ကတော့ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် သုံးစွဲခဲ့တယ် လို့ပဲ ဖြေကြားထားပါတယ်၊ နောက်တစ်ခုက ရွှေသုခအသေးစားချေးငွေအတွက် ၁.၅၇၅ ဘီလီယံကျော် ပေး ထား တယ်လို့လည်း ပြောထားပါတယ်၊ ၁.၇ ဘီလီယံကျော်ကတော့ သူတို့ ကြံံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းမှာ သူတို့ သုံးစွဲထားတယ်လို့လည်း ဖြေထားတာပါဗျ။ "
မကွေးတိုင်းအတွင်းက ရေနံလက်ယက်တွင်းရန်ပုံငွေ ၂.၈ ဘီလီယံ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့ တဲ့နှစ် မေလက ပွင့်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်း ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲလိုစစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာ ပျောက်ဆုံးနေတာက ၂.၈ ဘီလီယံ မဟုတ်ဘဲ ၇ ဘီလီယံကျော်အထိ စာရင်းပျောက်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီ ၇ ဘီလီယံကျော်ဟာ ရေနံလက်ယက်တွင်းတွေက ထွက်ရှိတဲ့ ခန့်မှန်းရေနံစည်ပေါင်း သိန်း ၂၀ ကျော်အတွက် သယ်ယူခတွေ၊ ဝန်ဆောင်ခတွေအဖြစ် လုပ်ငန်းရှင်တွေက ပေးသွင်းထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။