သာသနာတော် သန့်ရှင်းဖို့ ဖွဲ့စည်းပုံပြင်ဖို့ လိုကြောင်း သူရဦးအောင်ကို ပြော

2019-07-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အဋ္ဌမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် ဇူလိုင် ၈ ရက်နေ့က ကျင်းပခဲ့စဉ်
အဋ္ဌမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် ဇူလိုင် ၈ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: Aung Thain Kha/RFA

သာသနာတော် သန့်ရှင်းဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဒီနေ့ ပြောလိုက်ပါတယ်။

အဋ္ဌမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါးစုံညီ အစည်းအဝေး တက်ရောက်လာတဲ့ ပြည်ထောင်စု ဝန်ကြီးက သာသနာရေး ဝန်ထမ်းတွေရဲ့ သားသမီးတွေ ဆုချီးမြှင့်ခြင်း အခမ်းအနားအပြီးမှာ RFA ကို ပြောခဲ့တာဖြစ် ပါတယ်။

ဒါ့အပြင် သာသနာရေးဝန်ကြီးဌာနအနေနဲ့ သာသနာတော် သန့်ရှင်းရေးကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တာ ဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ဖြစ်ပြီး သာသနာသန့်ရှင်းရေးအတွက် ဝိနည်း စည်းကမ်း မလိုက်နာ တဲ့ ရဟန်းတွေကို အတိုင်းအတာအရ အရေးယူတာဟာလည်း သာသနာတော် သန့်ရှင်းရေးအတွက်ဖြစ်တယ်လို့ ပြောပါတယ်။

သာသနာတော် သန့်ရှင်းရေးနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်လိုဆက်စပ်နေသလဲဆိုတာကိုတော့ ဝန်ကြီးသူရ ဦးအောင်ကိုက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိပါဘူး။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နဲ့ သာသနာရေး ဝန်ကြီးဌာနက ဆုံးဖြတ်ချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာနက လိုက်ပါဆောင်ရွက်ခြင်းမရှိတာဟာ ဖွဲ့စည်းပုံအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အောက်မှာ ပြည်ထဲရေး ဝန်ကြီးဌာန ရှိနေတာကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လိုအပ်တာလို့ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်ပြောဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော် သမ္မတတို့ဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထောက်ပံ့မှုတွေကို ဆောင်ရွက်နေသလို အခြားဘာသာဝင်တွေကို ဖွဲ့စည်းပုံပါဥပဒေတွေနဲ့အညီ ကာကွယ်စောင့် ရှောက်ပေးနေတယ်လို့လည်း ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

လက်ရှိအချိန်မှာ သံဃနာယကအဖွဲ့ရဲ့ သြဝါဒတွေကို မခံယူတဲ့ သံဃာအဖွဲ့အစည်းနဲ့ ရဟန်းပုဂ္ဂိုလ်တွေကို စည်းမျဉ်းစည်းကမ်းတွေအရ အရေးယူဖို့ လိုအပ်နေပြီး အရေးယူမှု နောက်ကျမယ်ဆိုရင် နောက်ပိုင်းမှာ သံဃနာယက အဖွဲ့အစည်းကိုပါ ထိခိုက်လာနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့ မဟာနာယက ၄၇ ပါးစုံညီအစည်းအဝေးမှာ လျှောက်ထားခဲ့တယ်လို့ သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောပါတယ်။

နိုင်ငံတော်က တရားမဝင်အဖွဲ့အစည်း အဖြစ်ကြေညာပြီးသား အဖွဲ့အစည်းတစ်ခုရဲ့ ထုတ်ပြန်ချက် ထုတ်ပြန်တာတွေ အခမ်းအနားကျင်းပနေတာတွေကို အရေးယူ ဆောင်ရွက်ဖို့ဟာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်က ပြောပါတယ်။

ဒါဟာ ရန်ကုန်မြို့မှာ ဇွန်လ ၁၇ ရက်နေ့ကကျင်းပခဲ့တဲ့ မဘသ ညီလာခံအစည်းအဝေးနဲ့ ပတ်သက်နေပြီး RFA က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယက ၄၇ ပါးစုံညီအစည်းအဝေးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြင့်မှာ ဇူလိုင်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ၂ ရက်ကျင်းပမှာ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့