မြန်မာ ၄ဝဝ ကျော် မလေးမှာ ဖမ်းဆီးခံထားရ
2017.07.29
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးတဲ့ စီမံချက်အရ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသား ၄ဝဝ ကျော် ဖမ်းဆီးခံထားရတယ်လို့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ မလေးရှားနိုင်ငံရဲ့ ဥပဒေအရ ထောင်ဒဏ်ကျခံရနိုင်တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် သီတဂူ အထောက်အကူပြုအဖွဲ့က ဦးသီဟမောင်မောင်က ပြောပါတယ်။
"ဇူလိုင် ၁ ရက်နေ့က စပြီးတော့ ဖမ်းထားတဲ့သူတွေဖြစ်တဲ့အတွက် အဲဒီ သူတွေက တစ်လအတွင်းမှာပဲ ဖမ်းထားတဲ့ သူတွေပေါ့နော်။ ဒီ ၄ဝဝ က ပုံမှန်အားဖြင့် ကျနော်ပြောသလိုပေါ့။ နဂိုက ဖမ်းထားတဲ့ သူတွေလည်းရှိတယ်ဆိုတော့ နဂိုကဖမ်းထားတဲ့သူတွေက ပြစ်ဒဏ်ကျခံပြီးပြီ။ ထောင်ကျပြီးပြီဆိုရင် camp တွေထဲ ပို့တယ်။ အဲဒီ လူတွေကတော့ လုပ်ငန်းစဉ် မြန်သွားပြီပေါ့နော်။ ဒီ ၄ဝဝ ကတော့ ထောင် ကျတဲ့အထဲ ပါသွားမှာပေါ"
မြန်မာသံရုံးနဲ့ ရွှေ့ပြောင်းလုပ်သား ကူညီရေးအဖွဲ့တွေအနေနဲ့ ဖမ်းဆီးခံထားရသူတွေ ထောင်ဒဏ် ကျခံပြီးနောက် မှသာ နိုင်ငံသားအဖြစ် အတည်ပြုပြီး ဆွေမျိုးသားချင်းတွေနဲ့ ပြန်လည် ဆက်သွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြော ပါတယ်။
တရားမဝင် အလုပ်သမားတွေကို မလေးရှား အစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး ယာယီနေထိုင်ခွင့် ကတ် (E card) တွေထုတ်ပေးခဲ့ပါတယ်။ အဲဒီလို ကတ်ထုတ်ပေးပြီး ၄ လကျော် ကြာပြီးနောက် ဇူလိုင် ၁ ရက်နေ့ကစပြီး ယာယီကတ် မရှိသူတွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ ဥပဒေအရ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ကြိမ်ဒဏ် ၃ ချက် အပြစ်ပေးဖို့ ပြဌာန်း ထားပေမယ့် ပြစ်မှုကျူးလွန်ထားသူမဟုတ်တဲ့ သာမာန် တရားမဝင် အလုပ်သမားတွေကို ကြိမ်ဒဏ်မပေး ဘဲ ထောင်ဒဏ်သာ ချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။