ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သံသယနဲ့ မန္တလေးနဲ့စစ်ကိုင်းမှာ စောင့်ကြည့်နေ


2020.03.05
mandalay-622.jpg မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံ။
Photo: RFA

စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၁ ရက်နေ့က တက်ရောက်ကုသခဲ့တဲ့ လူနာတစ်ယောက်ကို  ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသလား ဆိုတဲ့သံသယနဲ့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီးမန္တလေးမြို့ ကန်တော်နဒီ ဆေးရုံကြီးမှာ သီးခြားခွဲထားပြီး ကုသနေတယ်လို့ သိရပါတယ်။

အဲဒီလူနာနဲ့ ထိတွေ့မိခဲ့တဲ့ စစ်ကိုင်း ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း ၁၄ ယောက်ကို မတ်လ ၄ ရက် နေ့ကစပြီး တာဝန်ချိန် (On Duty) အနေနဲ့ ခေတ္တနားခွင့်ပြုလိုက်တယ်လို့ ဆေးရုံကအမိန့်စာ ထုတ်ပြန်ထားပါတယ်။

အဲဒီဝန်ထမ်းတွေထဲမှာ လက်ထောက်ဆရာဝန်နှစ်ယောက်၊ အထက်တန်းသူနာပြု ငါးယောက်၊ သူနာပြု သုံးယောက်၊ အထွေထွေလုပ်သား လေးယောက် ပါဝင်ပါတယ်။

သူတို့အားလုံးကို တာဝန်နဲ့နားနေချိန်အတွင်း အိမ်အပြင်မထွက်ဖို့၊ နှာခေါင်းစည်းတပ်ဆင်ထားဖို့၊ ကျန်းမာရေးအခြေအနေ ထူးခြားလာရင် မိခင်ဌာနကို ချက်ခြင်းအကြောင်းကြားဖို့လည်း ဆေးရုံက ညွှန်ကြားထားပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးနိုင်မယ့် ကိရိယာနဲ့ ထိန်းချုပ်နိုင်မယ့် ဆေးဝါးပစ္စည်းတွေကို စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံအတွက် လှူဒါန်းလိုက်တယ်လို့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရောဂါစစ်ဆေးရေးကိရိယာ သုံးထောင်၊ မျိုးရိုးဗီဇသဘာဝဆိုင်ရာလေ့လာမှုနဲ့ ဓါတုဆေးဝါးဆိုင်ရာ ကိရိယာတွေကို မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူ သံအမတ်ကြီး မစ္စ ဗန်နစ်ဆာချန်း (Ms Vanessa Chan) က မြန်မာအမျိုးသားကျန်းမာရေး ဓာတ်ခွဲစမ်းသပ်မှုဌာန ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးတင်ကို ဗုဒ္ဓဟူးနေ့က လွှဲပြောင်းပေးလိုက်တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။